၈ ရက်အတွင်း မုံရွာမြို့ခံရာနဲ့ချီ အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံနေရတယ်လို့ဆို

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းက အသက် ၁၈ နဲ့ ၃၀ နှစ်ဝန်းကျင်အကြား အရပ်သားအမျိုးသား၊ အမျိုးသမီး ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ဇန်န၀ါရီ ၂၂ ရက် ကနေ ဇန်န၀ါရီ ၂၉ ရက်အတွင်း မုံရွာမြို့ အလုံ၊ ကျွဲရဲအဝိုင်းပတ်၊ သာစည်လမ်း၊ ကျောက္ကာလမ်း၊ ဇက်ဆိပ်၊ စက်မှုဇုံ၊ နန္ဒဝန်နဲ့ညောင်ခြေထောက် ရွာအနီးဝန်းကျင်တွေမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

” မုံရွာမြို့ပေါ် ရပ်ကွက်တွေကနေပဲ ဖမ်းဆီးမှုတွေရှိထားပေမဲ့ ဖမ်းဆီးခံပြည်သူတွေဟာ အလုပ်သွား အလုပ်ပြန်တွေလည်းပါတာမို့ မုံရွာမြို့ပေါ်နေ ပြည်သူထက် မုံရွာနယ်က ပြည်သူတွေပိုများတယ်” လို့ မုံရွာမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၁၈ ကနေ ၃၀ နှစ်ဝန်းကျင်အတွင်း လူငယ်၊ လူလတ်ပိုင်းတွေဖြစ်ပြီး ဇန်နဝါရီ ၂၅နဲ့ ၂၆ ရက်မှာ လူ ၁၀၀ ခန့်နဲ့ ဇန်နဝါရီ ၂၂၊ ၂၃၊ ၂၄၊ ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ လူ ၁၀၀ ခန့် အသီးသီးဖမ်းဆီးခံရတာဖြစ်တယ်လို့ Sagaing Scout Networkရဲ့အချက်အလက်တွေအရ သိရပါတယ်။

“အတတ်နိုင်ဆုံးတော့ အသွားအလာဆင်ခြင်နေရတယ်။ ဒါပေမယ့် တချို့သော ဖမ်းဆီးခံမှုတွေက နေအိမ်တွင်းထိဝင်ရောက်ဖမ်းဆီးမှုမျိုးတွေတောင် ရှိတယ်။ တမြို့နယ်လုံးမှာလည်း ကျား၊မ မရွေးဖမ်းဆီးမှုတွေ နေ့စဥ်ရက်ဆက်ဖြစ်နေတာမို့ စိုးရိမ်မှုတွေအနေနဲ့ကတော့ အမြင့်ဆုံးအချိန်တခုကို ရောက်နေတာပေါ့နော်”လို့ အထက်ပါမြို့ခံအမျိုးသားက ဆိုပါတယ်။

စစ်ကောင်စီတပ်က အတင်းအဓမ္မဖမ်းဆီးထားသူတွေကို မုံရွာ၊ အလုံတပ်မြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ထိန်းသိမ်းထားပြီး အဲဒီကနေတဆင့် တောင်ကြီးမြို့ရှိ စစ်သင်တန်းကျောင်းကို ပို့ဆောင်နေတယ်လို့ Sagaing Scout Network တာဝန်ရှိအမျိုးသမီးတဦးက ပြောပါတယ်။

” ဖမ်းထားတဲ့သူတွေကို ၂၃ရက်နေ့ကစလို့ စစ်ကိုင်းကနေတဆင့် တောင်ကြီးက စစ်သင်တန်းကွင်းကို ပို့နေတာ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၅၊ ၂၆၊၂၇ ရက် ၃ ရက်တာအတွင်း နမခ တိုင်းမှူးက မုံရွာမြို့ အတွင်းမှ အမျိုးသား၊ အမျိုးသမီးအသက်အရွယ်မရွေး လူ ၂၀၀ ပေါ်တာဆွဲမယ်လို့ညွှန်ကြားထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အခုလိုဖမ်းဆီးမှုများလာနေခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဥ် ၉ အထိ ဖွင့်လှစ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေက စစ်သင်တန်းအပတ်စဥ်သစ်တွေမှာ သတ်မှတ်အရေအတွက်ပြည့်မီအောင်ဖွင့်လှစ်နိုင်ရေး နေအိမ်တွင်းတွေအထိဝင်ရောက်ဖမ်းဆီးတာနဲ့ လမ်းသွားလမ်းလာတွေကို ပေါ် တာဆွဲဖမ်းဆီးတာတွေ မြို့ နယ်အများအပြားမှာ မကြာခဏလုပ်ဆောင်နေပါတယ်။

ဇန်နဝါရီ ၂၇ ရက် စစ်တပ်ပိုင်မီဒီယာမြဝတီရဲ့ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေနဲ့စုဆောင်းရာမှာ ငွေကြေးအလွဲသုံးစားလုပ်တာကြောင့် ရွှေဘိုမြို့နယ်ရဲမှူးနဲ့ ထွေအုပ်ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုထားပြီး ယမန်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စစ်မှုထမ်းစုဆောင်းရာမှာ အဓမ္မဆင့်ခေါ်စုဆောင်းတာမျိုး မလုပ်ကြဖို့ ထည့်သွင်းမှာကြားသွားပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။