ဦးဗန့်ဂျီအလောင်းကို သွားကောက်တဲ့ PDF ရဲဘော် မိုင်းထိလို့ ခြေထောက်ဖြတ်လိုက်ရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၂၊ ၂၀၂၃။

စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီရဲ့ ရုပ်အလောင်းကို သွားယူချိန် မိုင်းထိမှန်ခဲ့တဲ့ PDF ရဲဘော်တဦးမှာ ခြေထောက်တဖက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

ခြေထောက်ဖြတ်လိုက်ရတဲ့ရဲဘော်မှာ ကျေးရွာကာကွယ်ရေးအဖွဲ့တခုမှ အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားတဦးဖြစ်ပြီး၊ ဘယ်ဖက်ခြေထောက်ရဲ့ ဒူးအောက်ကနေ ဖြတ်ထုတ်လိုက်ရတာလို့ မြေပြင်မှ PDF ရဲဘော်တဦးက ပြောပါတယ်။

“လုံခြုံရေးအရ ရွာနာမည်နဲ့ သူ့ရဲ့နာမည်ကို ပြောလို့မရဘူး။ အခုကတော့ ခြေထောက်ဖြတ်လိုက်နိုင်လို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး။ ကျေးလက်ဆေးခန်းတခုမှာ ဆေးကုသမှု ပေးထားတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စွဲနေတဲ့ ညောင်ပင်ကြီးကျေးရွာအနီးက ထန်တောဆိပ်သစ်ကွင်းထဲမှာ စွန့်ပစ်ခံထားရတဲ့ ဦးဗန့်ဂျီရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၁ ရက်မနက် ၈ နာရီ‌လောက်မှာ အထက်ပါရဲဘော်အပါအဝင် PDF အင်အား ၁၅ ဦးက သွားယူခဲ့ချိန် စစ်ကောင်စီထောင်ခဲ့တဲ့ မိုင်းတလုံးကို နင်းမိရာက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အထက်ပါရဲဘော်က ပြောပါတယ်။

“မိုင်းကတော့ တလုံးတည်းပေါက်တာပါဗျ။ အလောင်းကောက်နေချိန်မှာ ပေါက်တာ။ ဒီရဲဘော်က နင်းမိတာဖြစ်လို့ ထိသွားတာပါ။ တခြားရဲဘော်တွေတော့ မထိမှန်ခဲ့ကြဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်တာကိုခံလိုက်ရသူ ဦးဗန့်ဂျီမှာ ဆားလင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးလည်း ဖြစ်သလို လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင်အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

ဦးဗန့်ဂျီအပါအဝင် စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရသူတွေအတွက် ဇွန်လ ၁၁ ရက် ည ၇ နာရီလောက်မှာလည်း ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ပြီး ဆုတောင်းသပိတ်တခုကို လက်ပံတောင်းတောင်ဒေသ ပင်မသပိတ် အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ ဆားလင်းကြီးမြို့နယ် တနေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။