စစ်ကိုင်း၊ ဇွန် ၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာအနီးမှာ စစ်ကောင်စီတပ်ကား ၂ စီးကို ဇွန်လ ၄ ရက်နေ့ညနေ ၂ နာရီခွဲဝန်းကျင်အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။
မုံရွာဘက်က မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ကား ၂ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်း မအူရွာတံတားဖြူအရောက်မှာ ပဒေသာမိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုတိယမြောက်ကားကို ထိမှန်ခဲ့တယ်လို့ One Way Revolution Force တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
“ကားတွေက ဂျမ်မာစနစ်တပ်ထားတဲ့ကားတွေ၊ ကားက ၄ ဘီးကားအသေးဘဲ။ မိုင်းဆွဲတာမှာ စကစ ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်။ မိုင်းဆွဲခံရပြီးတော့ ကားပေါ်ကရော၊ လမ်းမှာ ကင်းပုန်းဝပ်နေတဲ့ကောင်တွေရော လက်နက်ငယ်တွေနဲ့ မိုင်းကွင်းဘက်ကိုတောက်လျှောက်ပစ်တာ” လို့ ပြောပါတယ်။
မိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကားယာဉ်တန်းပေါ်ကနေ လက်နက်ငယ်တွေနဲ့ပစ်ခတ်ကာ ချောင်းဦးဘက်ကို ဆက်လက်မောင်းနှင်သွားပြီး ပစ်ခတ်မှုကြောင့် PDF တွေဘက်က ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို One Way Revolution Force နဲ့ Monywa Commando Force – MCF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မေလ ၂၉ ရက်နေ့ကလည်း One Way Revolution Force တပ်ဖွဲ့ဟာ မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ကြေးနီတွဲကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်တန်းထိမှန်ကာ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း − ရင်ငြိမ်း