NUG က စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ရင်းတွေကို လက်နက်တပ်ဆင်ပေး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၃၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေကို မေလ ၃၀ ရက်နေ့က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ဇွန်လ ၃ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေနဲ့ စစ်ကြောင်းတွေကို မဟာဗျုဟာနှင့်အညီ တဆင့်ချင်း လက်နက်တပ်ဆင်ပေးနေတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် PDF တပ်ရင်းတွေထဲက တပ်ရင်း ၂၄ ရင်းအတွက် တပ်ရင်း ၁ ရင်းကို ၅ လက်နှုန်း တပ်ဆင်ပေးခဲ့တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၁၃ ဓားမဆိုင်းတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က မြေလတ်အသံကို ပြောပါတယ်။

“ဒါက ဒုတိယအကြိမ်ပေါ့၊ ရှေ့တခေါက်က ၃၃ ရင်းကို သေနတ် ၅ လက်၊ ကျည် ၂၀၀၀၊ လက်ပစ်ဗုံး ၂၀ လုံးရတယ်။ ဒီတခေါက်က ၂၄ ရင်းလို့သိရတယ်” လို့ ပြောပါတယ်။

ယင်းမာပင်ခရိုင်မှာ PDF တပ်ရင်း ၃၇ ရင်းရှိပြီး ၂၄ ရင်းကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ PDF တပ်ရင်းတွေဘက်က ပြောဆိုပေမယ့် လက်နက်ရရှိမှုအခြေအနေတွေကို မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သလို့ NUG ဘက်ကလည်း လက်နက်တပ်ဆင်ပေးမှုကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိပါဘူး။

မေလ ၃၀ ရက်နေ့က ယင်းမာပင်ခရိုင်အတွင်း PDF တပ်ရင်းအများအပြားဆီမှာ NUG ကတပ်ဆင်ပေးခဲ့တဲ့ KA 2 အမျိုးအစား မောင်းပြန်သေနတ် ၅ လက်၊ ကျည်ဘောက် ၁၅ ခု၊ ကျည်ဆံ ၅၀၀ ဆီလက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။