ပဲခူးမြို့တွင် ကျောင်းဆရာ၊ ဆရာမ မလုံလောက်လို့ တဦးလျှင် ၂ တန်းခွဲသင်နေရ

0 1
0 1

ပဲခူး၊ ဇွန် ၃၊ ၂၀၂၃။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးမြို့ပေါ်မှာ CDM လုပ်သွားတဲ့ ကျောင်းဆရာ၊ ဆရာမ အရေအတွက်များပြားခဲ့သလို တချို့လည်း အလုပ်ထွက်သွားတာတွေရှိလို့ အခုနှစ် ကျောင်းဖွင့်ရာသီရောက်တဲ့အခါ ပဲခူးမြို့ပေါ်က အ.ထ.က. (၁) စာသင်ကျောင်းနဲ့ အ.ထ.က (ခွဲ) စာသင်ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ မလုံလောက်လို့ ဆရာတဦးလျှင် အတန်း ၂ တန်းစီ ခွဲပြီး သင်ကြားပေးနေရတယ်လို့ ပဲခူးမြို့ခံတွေက ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၁ ရက်နေ့ကစပြီး စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နေရာမှာ ပဲခူးမြို့ပေါ်က စာသင် ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ မလုံလောက်လို့ ၁၀ တန်းမှာ သင်ကြားတဲ့ဆရာမက ၉ တန်း၊ ၈ တန်းတွေမှာပါ ပူးတွဲယူသင်ကြားရတာမျိုးတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပဲခူးမြို့ခံတွေက ဆိုပါတယ်။

ပုံစာ – ပဲခူးမြို့ပေါ်မှာ ဇွန်လ ၁ ရက်နေ့က ကျောင်းတက်နေသည့် မြင်ကွင်း။

အရင်တုန်းကဆိုရင် ပဲခူးမြို့ပေါ် က ဒီစာသင်ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလုံလောက်လောက်ရှိပြီး ဘာသာရပ်တခုကို ဆရာ၊ ဆရာမ တယောက်ချင်းစီက သင်ကြားပေးနိုင်ခဲ့တာဖြစ်တယ်လို့ ပဲခူးမြို့ခံကျောင်းသား မိဘတွေကဆိုပါတယ်။

“ပဲခူးမှာ ကျောင်းတက်တဲ့ကလေးများပေမယ့် သင်ကြားရေးဆရာ၊ ဆရာမပိုင်း အင်အားနည်းနေပါတယ်။ ဆရာမ တယောက်ကို အတန်း ၂ ခုလောက် ခွသင်ပေးနေရတယ်။ အများစုက CDM ဝင်ကြပြီး တချို့က ရာထူးပြောင်းတွေ လုပ်နေကြတယ်။ CDM ဝင်သွားတဲ့ ဆရာမတွေနေရာမှာ သူတို့ကို(စစ်ကောင်စီ)ထောက်ခံတဲ့ ဆရာ၊ ဆရာမတွေကို ပြန်ထည့်ထားတယ်။ တချို့ ဆရာ၊ဆရာမတွေက CDMဝင်ချင်ကြပေမယ့် စကစခြိမ်းခြောက်ထားလို့ CDM မလုပ်ရတဲ့ ဆရာ၊ဆရာမတွေလည်းရှိပါသေးတယ် ” လို့ ပဲခူးမြို့ပေါ်က ကျောင်းသားမိဘတဦးက ဆိုပါတယ်။

အခုလို ဆရာ၊ ဆရာမ တယောက်ကို အတန်း ၂ တန်းခွဲပြီး သင်ကြားပေးနေတဲ့အတွက် ပဲခူးမြို့ပေါ်က ကျောင်းသားမိဘတချို့ဟာ မိမိတို့ကလေးကို စာသင်ကျောင်းပေးမသွားတော့ဘဲ အပြင်ကျူရှင်နဲ့သာ သင်ကြားပေးနေတယ်လို့လည်း အထက်ပါ မြို့ခံကဆက်ပြောပါတယ်။

“အသစ်ရောက်လာတဲ့ ဆရာ၊ မတွေက သူတို့နေချင်သလိုနေနေတာ။ ကလေးတွေကိုလည်း အဲလောက်ထိ စာသင်ပေးတတ်တာမဟုတ်ဘူး၊ ၉ တန်းစာသင်ပေးတဲ့ ဆရာမ ၁၀ တန်းကို သွားတက်သင်တော့ ဘာထူးဦးမှာလဲ။ အခုလည်း ကျောင်းဝန်းထဲမှာ ရဲ ၅ ယောက်ကို လုံခြုံရေးချထားတယ်” လို့ ကျောင်းသား မိဘတဦးက ဆက်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကလည်း Grade 12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်တို့က တက်ရောက်ခဲ့ပြီး Grade 12 ဆင့်ပွားသင် တန်းတက်ရောက်ရမယ့် ဆရာ၊ ဆရာမတွေအတွက် ငွေကျပ် သိန်း (၅၀) ကိုလည်း ထောက်ပံ့ပေးခဲ့ပါသေးတယ်။

စာတည်း −လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။