မင်းလှမှာ PDF ရဲဘော်တွေစီးလာတဲ့ကား ချုံခိုတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး

0 9
0 9

ချယ်ရီအောင်စိုး

မကွေး၊ မေ ၃၁၊ ၂၀၂၃။

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ဒီးဒုတ်ကန်ရွာအနီးမှာ PDF ရဲဘော်တွေ လိုက်ပါလာတဲ့ကားတစီး မေလ ၂၉ရက် ည၈နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေရဲ့တိုက်ခိုက်တာကို ခံလိုက်ရတာကြောင့် ကားပေါ်ပါလာတဲ့ ရဲဘော် ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ရဲဘော် ၈ ဦးမှာ သရက်၊ ကံမ၊ မင်းတုန်းပူးပေါင်းအဖွဲ့ကဖြစ်ပြီး သူတို့ဟာ အခြေခံစစ်ပညာ သင်တန်းဆင်းပြီး မင်းလှမြို့နယ်ထဲကို ပြန်လာချိန် စစ်ကောင်စီကင်းပုန်းတွေနဲ့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့က သရက်ခရိုင်ထဲက သင်တန်းဆင်းလာတဲ့ ရဲဘော်တွေပါ။ သရက်၊ ကံမ၊ မင်းတုန်းဘက်ကပေါ့။ ရဲဘော်တွေရဲ့ အသေးစိတ်အချက်အလက်ကိုကျတော့ မသိရသေးဘူးဗျ။ သူတို့ အဖွဲ့တွေက ထုတ်ပြန်ချက်ထွက်လာမှ သိရမယ်” လို့ သူက ဆက်ပြောပါတယ်။

ချုံခိုတိုက်ခိုက်ခံရလို့ ရဲဘော် ၈ ဦး သေဆုံးခဲ့သလို သေနတ် ၇ လက်နဲ့ ကျည်ဆံတွေလည်း ဆုံးရှုံးခဲ့ပြီး ရဲဘော်တွေရဲ့ အချက်လက်ကိုတော့ ကျန်ရစ်သူမိသားစုရဲ့ လုံခြုံရေးအရ လတ်တလောမှာ ထုတ်ဖော်ပြောလို့မရသေးကြောင်း မဟာမိတ်အဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် မေလ ၃၁ရက် ဒီကနေ့ မနက်မှာလည်း အခင်းဖြစ်ပွားရာ ဒီးတုတ်ကန်ရွာရဲ့ ၄ ဖာလုံခန့်အကွာမှာ ခြေထောက်ကျည်မှန်ဒဏ်ရာ၊ ဝမ်းဗိုက်ကျည်မှန်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်းလည်း ထပ်မံတွေ့ခဲ့ရပြီး ပကဖရဲဘော်ဖြစ်နိုင်လားဆိုတာကိုတော့ အတည်ပြုနေဆဲပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၂ ရက် တုန်းကလည်း ပွင့်ဖြူမြို့နယ်၊ မဲဇလီတံတားမှာ လက်နက်သယ်ပြီး ပြန်လာတဲ့ ကာကွယ်ရေးရဲဘော်တွေလိုက်ပါလာတဲ့ ဖောကား ၂ စီး စစ်ကောင်စီရဲ့ ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရကာ သရက်-ကံမက ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။