31 July 2026 4:11 PM

ဝက်လက်မှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ဒေသခံ ၂ ထောင်ကျော် ထွက်ပြေးနေရ

0 1
0 1

စစ်ကိုင်း၊ မေ ၃၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၂ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မေလ ၃၁ ရက် ဒီနေ့မနက် ၇ နာရီ ၄၃ မိနစ်လောက်မှာ အင်အား ၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာကထွက်လာပြီး အဲဒီရွာနဲ့ တမိုင်လောက်သာဝေးတဲ့ ကုန်းကြီးကျေးရွာတောင်ဘက်ရှိ အင်းလယ်ဘုရား (ဒေသခံအခေါ်)အနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ထိတွေ့ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့ပစ်ခတ်မှု ဖြစ်ပြီးတဲ့နောက်မှာတော့ ညောင်ပင်တွင်းရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာကာ ရွာအနောက်ဘက်ရှိ ငါးမွေးမြူရေးကန်မှာ တပ်စွဲထားတဲ့အတွက် အနီးကျေးရွာက ဒေသခံတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတာလို့ People’s Servant Revolution – Wetlet တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“အဲဒီ စကစတွေက မနေ့ (မေ ၃၀) ကတည်းက သခွတ္တောကျေးရွာမှာ တညအိပ်စခန်းချခဲ့တာ။ ဒီနေ့မနက် ပြန်ထွက်ချိန်တော့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး၊ စကစတွေဘက်က ထိခိုက်မှုကိုတော့စုံစမ်းနေဆဲ။ အဲဒီစကစတွေက အရှေ့ဘက်ကို ပြန်တက်လာတော့ ရွာသားတွေထွက်ပြေးနေရတယ်၊ ထွက်ပြေးနေရတဲ့ ရွာသားဦးရေက ၂ ထောင်ကနေ ၅ ထောင်နီးပါးအထိ ရှိနိုင်တယ်” လို့ဆိုပါတယ်။

အခုလိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် သခွတ္တော၊ ကုန်းကြီး၊ ၊အောင်ချမ်းသာ၊ မင်းကုန်း၊ ညောင်ပင်တွင်း၊ ခရိုင်ကုန်း၊ စမွန်း၊ မှတ်ထိ၊ စတောင်ကြီး၊ ဆားတောင်ကြီး စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေဘက်ကို ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ၃၀ ရက်က ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာမှာ အင်အား ၈၀ နီးပါးနဲ့ တပ်စွဲခဲ့တဲ့စစ်ကြောင်းဟာလည်း ဒီနေ့မနက်ပိုင်းမှာ မှတ်ထိရွာဘက်ကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။

မေလ ၂၅ ရက်ကလည်း ဝက်လက်မြို့နယ်၊ လိန်ပင်ကျေးရွာအရှေ့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံရပြီးနောက် အဲဒီကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။