စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာစစ်ဘေးရှောင်ဒေသခံ ၁၀၀၀ နီးပါးကို ရွှေဘိုခရိုင်၊ အမှတ် ၁၈ တပ်ရင်း ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုက စားသောက်ကုန်နဲ့ ဆေးဝါးတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၄ ရက် မနေ့ မနက် ၁၀ နာရီလောက်မှာ စစ်ဘေးရှောင်တွေခိုလှုံနေထိုင်နေတဲ့ စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတရွာကို အခြေခံစားကုန် ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန်တွေသွားရောက်လှူဒါန်းခဲ့ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူ ဗိုလ်စွန်ရဲ က ပြောပါတယ်။



“အခုလက်ရှိစားဝတ်နေရေးကို ပကဖ၊ ပလဖတပ်ဖွဲ့တချို့က ချက်ပြုတ်ကျွေးမွေးနေရတယ်။ ကျနော်တို့က အရန်ရိက္ခာတွေထားထားတာရှိတယ်၊ အဲဒီထဲက ဆန် ၁၀ အိတ်၊ ကြက်သွန်နီ ပိသာချိန် ၇၀ လှူဒါန်း ခဲ့တယ်။ နောက်နေ့တွေလည်း ဆက်ပြီလှူဒါန်းသွားပါမယ်”လို့ ပြောပါတယ်။
ရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် အဲ့ဒီစစ်ရှောင်စခန်းမှာ လူကြီး၊ လူငယ်တချို့ ရာသီတုပ်ကွေးရောဂါဖြစ်နေတဲ့အပြင် ဝမ်းပျက်ဝမ်းလျှောမှုတွေ ဖြစ်ပွားနေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေလုပ်ဆောင်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။


“ဒီရက်ပိုင်းက နေပူလိုက်၊ မိုးရွာလိုက်ဆိုတော့ လူကြီးတွေက သွေးတိုးနဲ့ နောက်ဆက်တွဲဝေဒနာ မူးမော်တာတွေရှိတယ်။ အရမ်းကိုသွေးပေါင်ကျနေတဲ့ လူနာတွေလည်းရှိတယ်။ အဲဒီလူနာတွေကို ကျနော်တို့က ဆေးချိတ်ပေးတာနဲ့ လိုအပ်တဲ့ကုသမှုတွေလုပ်ပေးတယ်။ အဲဒီစစ်ရှောင်စခန်းကျန်းမာရေးအတွက် အလျဉ်းသင့်သလို့ ဆောင်ရွက်သွားဖို့ရှိတယ်”လို့ ဆိုပါတယ်။
မေလ ၂၁ ရက်နေ့ကစတင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပဒူရွာရဲစခန်းကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ စစ်ကောင်စီတပ်က ပဒူကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာအပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ပဒူရွာဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာတွေဆီ ထွက်ပြေးရှောင်တိမ်းနေရတာဖြစ်ပါတယ်။
စာတည်း – ရင်ငြိမ်း