ဇီးဖြူကုန်းရွာက ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံ

0 1
0 1

ရွှေဘို၊ မတ် ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာတာဝန်ကျနေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ တောင်သူဦးကြီးများအဖွဲ့ – PDF ဆီက သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာသူဟာ တည်သီးတောရွာဇာတိ အသက် ၂၉ နှစ်အရွယ် ပျူစောထီးတပ်ဖွဲ့ဝင် နိုင်လင်းဆိုသူဖြစ်ပြီး သူဟာ တည်သီးတောရွာကနေ ပျူစောထီးအထိုင်စခန်းရှိရာ ဇီးဖြူကုန်းရွာကို ပြောင်းရွှေ့တာဝန်ချထားခံရသူဖြစ်ကာ မတ် ၂၅ ရက်က ကာကွယ်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။

“သူက တည်သီးတော ပျူစောထီးခေါင်းဆောင် မောင်ဆန်းလက်အောက်မှာ နေထိုင်လုပ်ကိုင်ရတာ မကြိုက်လို့ ဝင်လာတာလို့ ပြောပါတယ်။ ရန်သူ့နယ်မြေ ဇီးဖြူကုန်းရွာအထိ သွားပြီး ခေါ်ထုတ်ရတာပါ။”လို့ တောင်သူဦးကြီးများအဖွဲ့ – PDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ပျူစောထီးတပ်ဖွဲ့ဝင် နိုင်လင်းဟာ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် ၁၄၅ တောင့်ကို ယူဆောင်လာတာကြောင့် ငွေကျပ် သိန်း ၁၀ ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ထားရှိတယ်လို့ ဆိုပါတယ်။

တောင်သူဦးကြီးများအဖွဲ့ – PDF အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲမှာ အခြေစိုက်ထားတဲ့တပ်ဖွဲ့တခုဖြစ်ပြီး တောင်သူဦးကြီးများအဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာသူ ပျူစောထီးတပ်ဖွဲ့ဝင် ၄ ဦး ရှိပြီလို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။