ဝက်လက်မှာ ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ဦးသေဆုံး

0 12
0 12

ဝက်လက်၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လိန်ပင်ကျေးရွာမှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပေါ်ကျရောက်ပြီး အမျိုးသမီး ၂ ဦးမီးလောင်သေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ၁၂ နာရီခွဲမှာ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက ကျေးရွာထဲကို ဗုံး ၄ လုံးကြဲချပြီး ပွိုင့်ဖိုက်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဖိုက်တာက ဗုံးက အိမ်ပေါ်ကျပြီး မီးလောင်တာ။ ပါသွားတဲ့ အမျိုးသမီးတွေလည်းဘယ်လိုမှ အလောင်းထုတ်မရဘူး၊ မီးကျွမ်းသွားတယ်။ ထိခိုက်ကတော့ ကောက်လို့ရလိုက်တယ်။ ထိတဲ့သူတွေက တမိသားစုတွေထဲပဲ”လို့ ဝက်လက်မြို့နယ်ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးလာကြဲသွားတဲ့ကျေးရွာအနီးမှာ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်နေတာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်လို့ အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၂ ဦး မီးလောင်သေဆုံးပြီး အသက် ၂၀ ကနေ ၆၀ ကြား အမျိုးသမီး ၃ ဦးနဲ့အမျိုးသား ၁ ဦးဒဏ်ရာပြင်းထန်ရကာ နေအိမ် ၅ လုံးပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့်နေကြပေမယ့် ကျေးရွာကနေတော့ ထွက်ပြေးတိမ်းရှောင်ကြတာမျိုးမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ်၊ နတ်မှော်ဦးကျေးရွာ လေကြောင်းကနေ ဗုံးကြဲခံရပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။