ပေါင်းတည်မြို့ပေါ်မှာ ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်လို့ နေအိမ် ၅ လုံး ဆုံးရှုံး

0 2
0 2

ပဲခူး၊ မေ ၂၃၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ မေလ ၂၃ ရက် ဒီမနက်အစောပိုင်းက မီးလောင်မှုဖြစ်ရာ နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့၊ နွယ်ချို ၁ ရပ်ကွက်အရှေ့လမ်း၊ ဆေးရုံဘက်ခြမ်း(ဆေးရုံအနီး)ရှိ နေအိမ် ၅ လုံး ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

“ဘယ်လိုစလောင်လည်းတော့ မသိဘူး၊ မီးစလောင်တဲ့အိမ်က အိမ်အဟောင်းကြီး။ နေတဲ့သူက အိမ်ပိုင်ရှင်မဟုတ်ဘူး။ သူများရဲ့အိမ်ကို ငှားနေတာ။ အိမ်ကြီးအိမ်ကောင်းတွေ ပါသွားတာ။ ဘာပစ္စည်းမှမရလိုက်ကြဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်အန္တရာယ်မရှိပေမယ့် မီးစတင်လောင်ကျွမ်းတဲ့အိမ်မှာ ငှားရမ်းနေထိုင်နေသူ အသက် ၆၀ နှစ်အရွယ် ဦးဝင်းတင် ကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဦးဝင်းတင်နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ ရေနွေးအိုးတည်ရာကနေ မီးကူးစက်လောင်ခဲ့တာလို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

“သူတို့အိမ်က မနက်အစော ရေနွေးထတည်တယ်လို့ သိရတယ်။ ထင်းမီးနဲ့ဆိုတော့ မီးတောက်က ထရံကိုကူးပြီး မီးလောင်တာ။ အိမ်ကတော့ နှစ်ထပ်အိမ်။ လူတွေကတော့ လွတ်အောင် ပြေးနိုင်ခဲ့ကြတယ်”လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ခင်း၊ ထရံကာ နေအိမ်တွေအပါအဝင် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကျပ်သိန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ မီးဘေးသင့်ပြည်သူ ၁၅ ဦးကတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခေတ္တခိုလှုံနေရတယ်လို့ ဆိုပါတယ်။

မီးလောင်ရာနေရာကို ပေါင်းတည်မြို့နယ် မီးသတ်အပါအဝင် နီးစပ်ရာဒေသက မီးသတ်ယာဥ်တွေနဲ့ ပြည်သူတွေက မီးငြှိမ်းသတ်ခဲ့ကြလို့ မီးလောင်ပြီးတနာရီကျော်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်မှာ အခုနှစ်ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းကလည်း မီးကြွင်းမီးကျန်ကတဆင့် မီးလောင်ကျွမ်းခဲ့လို့ ဗျက်ကြီးရွာက ၂ ထပ်အိမ် ၁ အိမ်နဲ့ စပါးကျီ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦး မီးလောင်ဒဏ်ရာရကာ သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ မှက္ကတန်ရွာမှာလည်း ဇန်နဝါရီလ ၁၁ ရက် နေ့လယ် ၁ နာရီလောက်က မီးဖိုဆောင်ကတဆင့် မီးလောင်ကျွမ်းခဲ့လို့ နေအိမ် ၁၅ လုံးမီးလောင်ကျွမ်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။