မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင်အပါ ၈ ဦးနဲ့ အရပ်သား ၅ ဦး ဖမ်းဆီးခံရ

0 1
0 1

မန္တလေး၊ မေ ၂၃၊ ၂၀၂၃။

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Royal Phoenix Guerilla Force (RPGF) က အဖွဲ့ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးနဲ့ အရပ်သား ၅ ဦး မေလ၂၀၊၂၁ ရက်နေ့တွေမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးအခြေစိုက် PDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေမှာ RPGF ခေါင်းဆောင် စောဘငြိမ်း၊ ဒု-ခေါင်းဆောင် ကောက်ကြီး၊ ရဲဘော် ဇော်ထက်၊ ဟိန်းထက်၊ ဇော်ရဲထက်၊ အောင်ထွန်းမင်း၊ မင်းမင်းဦး၊ သူရစိုးနဲ့ အရပ်သားတွေ ဖြစ်ကြတဲ့ မဝင်းမာ၊ အောင်ရဲကျော်၊ မသူဇာဝေ၊ ရန်နောင်ဖြိုး၊ ခိုင်ခိုင်အောင်တို့ဖြစ်ကြတယ်လို့ Myanmar Revolution Hero Force-MDY မှရဲဘော်တဦးကပြောပါတယ်။

“မန္တလေးမြို့ပေါ်က တည်းခိုခန်းတခုမှာ ၂၀ ရက်နေ့က ကောက်ကြီးကိုမိရာကနေ အဆက်အစပ်တွေ ကွင်းဆက်မိသွားတာပေါ့။ ကျန်တဲ့သူတွေကတော့ နေအိမ်တွေမှာပဲဖမ်းခံရတာ။ ၅ ဦးကတော့ RPGF အဖွဲ့ဝင်တွေ လုံးဝမဟုတ်ဘူး၊ အရပ်သားတွေပါ” လို့ ဆိုပါတယ်။

RPGF တပ်ဖွဲ့ဝင် ၈ ဦးနဲ့ အတူဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃ ဦး၊အမျိုးသား၂ ဦးတို့မှာ မန္တလေးမြို့ပေါ်မှာ နေထိုင်ကြတဲ့ သာမန်အရပ်သားပြည်သူတွေသာဖြစ်ကြပြီး သူတို့ကိုဖမ်းဆီးတာဟာ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို မလှူရဲ၊ မကူရဲအောင် စစ်ကောင်စီဖက်က ခြိမ်းခြောက်မှုပြုလုပ်နေတာလို့ အထက်ပါရဲဘော်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီတပ် လပခ (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) နန်းတွင်းစစ်ကြောရေးကိုပို့ဆောင်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူ ၁၃ ဦးနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ မန္တလေးနဲ့ စစ်ကိုင်းမြို့နယ်များအတွင်း အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ Royal Phoenix Guerilla Force – RPGF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်တွေကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။