စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာဗုံးကြဲခံရလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး စျေးလည်းမီးလောင်

0 26
0 26

ကျော်ကြီး၊ အောင်စိုး

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့၊ ဘုတလင်မြို့နယ်နဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးပြီး စျေးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်မနက် ၅ နာရီကျော်မှာ ဗန်းမောက်မြို့ပေါ်ကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ မြို့မစျေးကိုကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“အန္တရာယ်များလို့ အရပ်သားပြည်သူက မဝင်ရဲဘူး။ ရှေ့တန်းရဲဘော်တွေပြောတာ စျေး တခုလုံး (အပြင်တန်း၊ အတွင်းတန်း) အကုန်လောင်တာ ဟုတ်တယ်။ စျေးဆိုင်တွေက နီးနီးလေး ကပ်နေတော့ အကုန်လောင်တာ။ ပေ ၂၀ လောက်ခြားတဲ့ ဆောက်လုပ်ရေးဝန်းပါ အကုန်လောင်တယ် ကြားတယ်ဗျာ” လို့ ဗန်းမောက်မြို့ခံအမျိုးသားတဦးကပြောပါတယ်။

NUG တပ်တွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်နဲ့ရှမ်းနီအမျိုးသား တပ်မတော် – SNA တို့က မြို့ကိုသိမ်းပိုက်နိုင်ရေး စစ်အင်အား ၆၀၀ ခန့်နဲ့ နေ့စဥ် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ထိခိုက်၊ သေဆုံးမှုတွေ များလာနေတာကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ အနောက်ခြမ်းရှိ နားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၆ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၄ ရက်နေ့လယ် ၂ နာရီကျော်မှာလည်း ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာအနီးရှိ ဘုတလင်-ရေဦး လမ်းပိုင်းကို မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ Gyrocopter ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

“(ကုန်စုံဆိုင်)က ဘုတလင် စိုင်ပြင်လမ်းဘေး၊ ကင်းစမ်းလမ်းခွဲမှာရှိတာ။ အိမ်ဆိုင် ပေါ့။ ဗုံးသီးက ၂ လုံးချတာ။ သေဆုံးသူနဲ့ဒဏ်ရာရသူက လင်မယား ဆိုင်ရှင်တွေ”လို့ ဘုတလင်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူမှာ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ် မိချစ်ဖြစ်ပြီး သူ့ရဲ့ အမျိုးသားမှာ ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူထားတာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ သူကဆိုပါတယ်။

ဒါ့အပြင် ကင်းစမ်းကျေးရွာလမ်းခွဲမှာရှိတဲ့ အများပြည်သူနားနေဆောင် ဇရပ်နဲ့ ရေအိုးစဥ်လည်း ပျက်စီးသွားခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

အလားတူ ဒီဇင်ဘာ ၂၄ ရက်ညနေ ၄ နာရီကျော်မှာ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို တိုက်ခိုက်ရေးလေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၇ နှစ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာကိုလည်း ဒီဇင်ဘာ ၂၆ ရက် ဒီမနက် ၉ နာရီ မိနစ် ၄၀ ခန့်မှာ စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာနဲ့ ကျေးရွာထဲကို ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေ ၁ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

“သေတဲ့အမျိုးသမီးက နေအိမ်ထဲထမင်းချက်နေချိန်ထိတာ။ ဗုံးတွေက ရွာမြောက်ဖျားကိုကျတာ။ ကျောင်းဖြူကန်ရွာခံအချို့က ရှောင်နေကြတယ်။ ၂၁ ရက်နေ့စစ်ကြောင်းထိုးကတည်းက။ ခုထိတဲ့သူတွေက ရွာမှာအနည်းငယ်ကျန်နေသူတွေထဲက ထိတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်လို အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးဒဏ်ရာရကာ နေအိမ် ၃ လုံးထက်မနည်း ပျက်စီးမှုရှိတယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံကလို့ ကျေးရွာအတွင်း စစ်ဘေးမရှောင်ဘဲကျန်နေသူတွေအားလုံးရွာကနေ တိမ်းရှောင်သွားကြပြီပြီး ဒီဇင်ဘာ ၂၆ ရက်အထိ တလုပ်နဲ့အိုင်းမရွာကြားမှာလည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးကာ စစ်ရေးတင်းမာမှုတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၅၀ ပြုလုပ်ခဲ့ပြီး အဲ့ဒီထဲက မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့မှာ ၁၈၅ ဦးသေဆုံးပြီး ၅၂၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ လူ့အခွင့်ရေးဝန် ကြီးဌာန အချက်အလက်အရ သိရပါတယ်။

ပုံစာ – ဗုံးကြဲခံရသည့် ဗန်းမောက်မြို့။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။