ယင်းမာပင်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၉ ဦးနဲ့ PDF ၂ ဦးသေဆုံး

0 11
0 11

စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့လို့ နေအိမ် ၂၃၀ ကျော်ပျက်စီး

ယင်းမာပင်၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာအနီးမှာ ဒီဇင်ဘာ ၁၇ ရက်က တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျစစ်မှုထမ်းဟောင်းကုန်းကနေ အင်အား ၂၀၀ ပါတဲ့စစ်ကြောင်းက စုန်းချောင်းရွာနဲ့ အင်းဖျားရွာတို့ကိုဖြတ်ပြီးနောက် ပန်းတိမ်ပြင်ရွာနဲ့ ကျောက်မှော်ရွာတို့မှာ စစ်ကြောင်း ၂ ခုခွဲတပ်စွဲနေစဥ် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ယင်းမာပင်မြို့နယ်စစ်ကြောင်း – YMB Column ရဲ့ တိုက်ပွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၉ ဦး သေဆုံးခဲ့ကာ ၃ ဦးကို ကျောက်မှော်ရွာမှာ အမိန့်ပြန်တမ်းနဲ့အတူ မြှုပ်နှံထားခဲ့ပြီး ကျန်သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရ စစ်ကော်မရှင်တပ်သားတွေကို စက်လှေနဲ့ နမခ ဘက်ကမ်းကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။

“အလောင်း ၃လောင်းကိုတော့ ကျောက်မှော်ဘုန်းကြီးကျောင်းရဲ့ မြောက်ဘက်မှာ အမိန့်ပြန်တမ်းနဲ့ မြှုပ်ထားခဲ့တာ၊ ပြန်ဖော်တော့ အမိန့်ပြန်တမ်းနဲ့ တွေ့ရတာ။” လို့ YMB Column တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ ထိတွေ့တိုက်ပွဲဟာ တိုက်ပွဲကြာချိန် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး ယင်းမာပင်မြို့နယ်စစ်ကြောင်း – YMB Column က တပ်ဖွဲ့ဝင်စိုးပိုင်နဲ့ ကနီအခြေစိုက် B21 တပ်ဖွဲ့ဝင် ဖိုးညိုတို့သေဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို ယင်းမာပင်မြို့နယ်စစ်ကြောင်း – YMB Column၊ ယင်းမာပင်မြို့နယ် ပကဖလက်ရုံးတပ် – ULF စစ်ကြောင်း၊ ကနီမြို့နယ် 9+စစ်ကြောင်း၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၊ BNRA၊ ကနီမြို့နယ် ပကဖလက်ရုံးတပ်၊ ဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်၊ ဘုတလင်တော်လှန်ရေးအင်အားစု၊ ရတနာပုံကျောင်းသားတပ် တို့က ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာလို့ YMB Column ရဲ့ တိုက်ပွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကူရောက်ရှိလာတာ၊ နမကကနေ လက်နက်ကြီး ပစ်ကူပေးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာခဲ့ရပြီး စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခက်မှုတွေက ကျေးရွာတွေထဲကို ကျရောက်ခဲ့ပေမယ့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်တာမျိုးတော့မရှိဘူးလို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၁၉ရက်အတွင်း ကျောက်မှော်ရွာက ၂၇ အိမ်၊ ကျောက်ကုန်းရွာက ၆၅ အိမ်၊ အင်းပတ်ရွာက နေအိမ် ၄၇ အိမ်၊ စာကြည့်တိုက်နဲ့ ကျောင်းဆောင် ၁ ဆောင်၊ ကျွန်းပေါ်ရွာက ၃၄ အိမ်၊ နှောပင်ရွာက ၃၆ အိမ်၊ ကြက်လျှာရွာက ၁၆ အိမ်နဲ့ ပန်းတိမ်ပြင်ရွာက နေအိမ် ၂ လုံးတို့ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ခုလိုစစ်ကြောင်းထိုးမီးရှို့လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေအတွက် အမိုးအကာ၊ စောင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။