မလှိုင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ လယ်ကြီး၊ မျက်သီးကျင်း၊ ရုံးတောကျေးရွာတွေမှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူးအပါအဝင် ၆ ဦး ပစ်သတ်ခံရတယ်လို့ မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ လယ်ကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးလှမင်းကြည်၊ ဇနီးဖြစ်သူ ဒေါ်ချိုချိုမြင့်၊ မျက်သီးကျင်းကျေးရွာနေ ဒေါ်လှရှင်၊ သမီးဖြစ်သူ ဒေါ်ယဥ်ယဥ်အောင်၊ သားဖြစ်သူ ဦးမိုးသူနဲ့ ရုံးတောကျေးရွာနေ သားဖွားဆရာမ ဒေါ်အေးအေးခိုင်တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်မနက် ၅ နာရီကျော်မှာ နေအိမ်တွေကို သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“၃ ဖွဲ့ခွဲပြီး ၃ ရွာ တပြိုင်တည်းဝင်ရှင်းခဲ့တာ။ အုပ်ချုပ်ရေးမှုးရယ်၊ Nurse(သူနာပြု)ရယ်၊ အရပ်သားဆိုပေမယ့် **တွေနဲ့ပိုင်တယ်ဆိုပြီး မဲကိစ္စတွေမှာပါဝင်ပြီး ဟိုတိုင်ဒီတိုင်လုပ်နေကြတဲ့သူတွေ။ ဒလန်ပေါ့ဗျာ”လို့ မလှိုင်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုကို မလှိုင်မြို့နယ်ပကဖ တပ်ဖွဲ့ဝင်တွေကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၆ ဦးစလုံးဟာ ပစ်ခတ်ခံရပြီးနောက် နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၆ ရက်ကလည်း မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ်ရှိ ကိုသိန်းဇော်နဲ့ စာရေး အောင်ကိုမြင့်ကို နေအိမ်မှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း