စစ်တောင်းမြစ်အတွင်း ငါးမဖမ်းရရာသီမှာ ငါးဖမ်းဆီးသူပိုများလာ

0 1
0 1

ပဲခူး၊ မေ ၁၈၊ ၂၀၂၃။

ငါးမဖမ်းရရာသီ သတ်မှတ်ထားသော်လည်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်နဲ့ ကဝမြို့နယ်အပိုင် စစ်တောင်းမြစ်အတွင်း ဒီနှစ်မှာ ငါးဖမ်းဆီးသူဦးရေ ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးရစ်ငါးသန်းကာလ(ငါးဥချသည့်ကာလ) ငါးမဖမ်းရ ရာသီအနေနဲ့ နှစ်စဥ် ဧပြီလဆန်းမှ ဇွန်လကုန်တဲ့အထိ ငါးဦးစီးဌာနက သတ်မှတ်ထားပေမယ့် တရားမဝင်ငါးဖမ်းဆီးသူတွေက မလိုက်နာဘဲ စည်းကမ်းမဲ့ ဖမ်းနေကြတာလို့ ဒေသခံရေလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

“ငါးရစ်ငါးသန်းကာလဆို ငါးတွေသားဥချချိန်ဆိုတော့ သာမန်ငါးလုပ်ငန်းလုပ်သူတွေက ငါးမဖမ်းကြဘူး။ ဒါပေမယ့် တရားမဝင်ငါးဖမ်းသူတွေကတော့ ပွဲတော်လိုဘဲ ဖမ်းနေကြတာ။ သူတို့တွေက ကဝမြို့နယ်ဘက်ကအဖွဲ့ (စစ်ကောင်စီအဖွဲ့)ကို ငွေပေးထားတော့ ဘယ်သူမှဂရုစိုက်စရာမလိုဘူးဆိုပြီး ဖမ်းနေကြတာ။ အရင်က တရားဝင်လုပ်သူအချို့တောင် သူတို့ကို ငွေပေးပြီး တရားမဝင်ပဲ ငါးဖမ်းနေကြတယ်” လို့ ပြောပါတယ်။

ယခုကာလဟာ ပင်လယ်ထဲကငါးမျိုးစိတ်တွေက စစ်တောင်းမြစ်အတွင်း ပြန်လာကြပြီး၊ ဥချတဲ့ရာသီဖြစ်လို့ ဖမ်းဆီးမှုတွေလုပ်ပါက ငါးမျိုးပြုန်းတီးနိုင်တာကြောင့် တနိုင်တပိုင် တရားဝင်ငါးဖမ်းသူတွေဘက်က ငါးမျိုးမပြုန်းတီးဖို့ ငါးဖမ်းလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ယခုလိုရာသီမှာ တရားမဝင်ငါးဖမ်းသူတွေအတွက်က ငါးပိုရပြီး အကျိုးစီးပွားပိုဖြစ်လို့ ပိုမိုဖမ်းဆီးကြတယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်က စစ်တောင်းမြစ်အတွင်းမှာ တရားမဝင်သံဇကာပိုက်တွေနဲ့ ငါးဖမ်းဆီးသူ ဆယ်ဂဏန်းအောက်သာရှိခဲ့ပေမယ့် ယခုအချိန်မှာ ဦးရေ ၅၀ ကျော်ထိ ရှိလာပြီလို့ ဆိုပါတယ်။

တရားမဝင်ငါးဖမ်းဆီးသူတွေကြောင့် ယခင်က စစ်တောင်းမြစ်အတွင်း ပေါများစွာရှိခဲ့တဲ့ ငါးသလောက်၊ ငါးပုတ်သင်၊ ငါးပုဏ္ဏား၊ ငါးတန်အပါအဝင် ငါးမျိုးစိတ်အချို့ဟာ မရှိသလောက်ရှားပါးလာတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။