မလှိုင်မှာ စစ်ကော်မရှင်လက်အောက်ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီးသေဆုံး

0 18
0 18

မလှိုင်၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကော်မရှင်လက်အောက် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်ပစ်ခံရပြီးသေဆုံးသွားတယ်လို့ မလှိုင်မြို့နယ်ပကဖထံက သိရပါတယ်။

သေဆုံးသူမှာ အသက် ၆၆ နှစ်ရှိ ဖျောက်ဆိတ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့် ကျေးရွာအတွင်းဖဲဝိုင်းမှာ လောင်းကစားနေစဥ် ဖမ်းဆီးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

” ရွာလယ်လမ်းမှာ ပစ်ခဲ့တာ ၂ ချက်တည်း။ သူ့ကိုသွားဖမ်းချိန် ဖဲဝိုင်းမှာတွေ့လို့ ဆွဲထုတ်လာပြီး ပစ်ခတ်ခဲ့တာ” လို့ မလှိုင်မြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းမှာ သေနတ်နဲ့အနီးကပ် ၂ ချက်ပစ်ခတ်ခံရလို့ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိပြီး နေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဟာ စစ်ကော်မရှင်တပ်အတွက် လူငယ်တွေကိုစစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တာ၊ စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူတာ၊ မဲရုံကိစ္စတွေကို လိုက်ပါလုပ်ဆောင်နေတာကြောင့်ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ ကို ပြုလုပ်မယ်လို့ စစ်ကော်မရှင်က ကြေညာထားပြီး အဲ့ဒီထုတ်ပြန်ချက်တွေမှာ မန္တလေးတိုင်းက မြို့နယ် ၁၇ ခုမှာပြုလုပ်မှာဖြစ်ကြောင်းဖော်ပြထားပေမယ့် မလှိုင်မြို့နယ် ပါဝင်တာမရှိသေးပါဘူး။

နိုဝင်ဘာ ၂၆ ရက်ကလည်း မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် ကိုသိန်းဇော်နဲ့ စာရေး အောင်ကိုမြင့်ကို နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။