ပခုက္ကူမှာ ရွေးကောက်ပွဲမဲဆွယ်မှုဆက်တိုက်လုပ်နေတဲ့စစ်တပ်က မဲအမှတ်စဥ်မသိသူတွေကို ပြစ်ဒဏ်ပေးမယ်လို့ ခြိမ်းခြောက်

0 17
0 17

ပခုက္ကူ၊ ဒီဇင်ဘာ ၅၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေကို နိုဝင်ဘာလကုန်ပိုင်းကစလို့ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ဒေသခံတွေကိုခြိမ်းခြောက်ပြောဆိုတာတွေလည်းရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပခုက္ကူမြို့မှာ စစ်ကော်မရှင်တပ်၊ ပျူစောထီးတွေ၊ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အဖွဲ့ဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေပူးပေါင်းပြီး ရွေးကောက်ပွဲမှာ မြို့ခံလူထုတွေ မဲပေးဖို့စည်းရုံးလှုံ့ဆော်တာတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစလို့ ပခုက္ကူမြို့၊ ရပ်ကွက်တွေထဲကို ရပ်ကွက်ရုံးဝန်ထမ်းတွေက တအိမ်တက်ဆင်း သန်းခေါင်းစာရင်းစစ်တာတွေ၊ မဲပေးရမယ့် အမှတ်စဉ်မေးတာတွေ ပြုလုပ်ပြီး မဲအမှတ်စဉ်မသိသူတွေကိုပါပြစ်ဒဏ်ပေးဖို့ ခြိမ်းခြောက်တာတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အရင်တနေ့က လမ်းမှာသန်ခေါင်စာရင်းစစ်တာ၊ မဲနံပါတ်သိလားဆိုတော့မသိရင် နောက်ခါ ဒဏ်ပေးမယ်တဲ့ပြောသွားတာ၊ ရပ်ကွက်ရုံးကို မဲနံပါတ်တွေလာကြည့်ခိုင်းနေတာ၊ အခုလည်း မဲနံပါတ်တွေ သွားကြည့်ရမှာ။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ပညာရေးဝန်ထမ်းတွေကို ရွေးကောက်ပွဲမှာပါဝင်ဖို့နဲ့ ရွေးကောက်ပွဲကာလမှာ မြို့တွင်းအသွားအလာတွေပါကန့်သတ်ထားကြောင်း ပခုက္ကူပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

“မဲပေးရတော့မယ် ထင်တာပဲ၊ ဒီနေ့ (ဒီဇင်ဘာ ၄ရက်) ဆရာမတွေရဲ့ မဲနံပါတ်တွေကို အထက်လူကြီးတွေဆို ပေးရမှာတဲ့၊ ဆရာမရဲ့မဲနံပါတ် အိမ်ကလူတွေရဲ့မဲနံပါတ်တွေရော အထက်ပို့ရမှာတဲ့။” လို့ အထက်ပါ နီးစပ်သူက ပြောပါတယ်။

“တော်တော်ကြပ်တယ်၊ သွားရလာရတာတွေ၊ ၂ ယောက် စီးလို့မရဘူး၊ ပစ်မိန့် ၁၈ မပြည့်ရင်စီးလို့မရဘူး၊ ဖမ်းတယ်။” လို့ သူက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်ကလည်း ပခုက္ကူမြို့တွင်း လူစည်ကားတဲ့လမ်းတွေနဲ့ စျေးတွေထဲမှာ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်စိုးမိုး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်ခင်တို့ ဦးဆောင်ပြီး “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီ၊ ဒို့အတူတူ မဲပေးကြမယ်။” စာသားပါ လက်ကမ်းစာစောင် ၁,၀၀၀ ကို ဖြန့်ဝေခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။