စကုမြို့ထွေအုပ် Non CDM အမျိုးသမီး သေနတ်ပစ်ခံရပြီး သေဆုံး

0 39
0 39

စစ်ကိုင်း ၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စစ်ကော်မရှင်လက်အောက် စကုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမျိုးသမီးဝန်ထမ်းတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ စကုမြို့ထွေအုပ်ဌာနစာရေးဖြစ်သူ အသက် ၅၀ ဝန်းကျင်ရှိ ဒေါ်ခင်နီလာ (ခေါ်) မငယ် ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် ယမန်နေ့မနက် ၇ နာရီခန့်မှာ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းရွာ ဆေးပေးခန်းအနီး‌ မောင်နိုင်နေအိမ်မှာရှိနေစဥ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

” အမျိုးသမီး ၂ ဦးက ဝင်ပစ်တာ။ မောင်နိုင်ကတော့ မသေဘူး၊ ခင်နီလာဆိုတဲ့ ထွေအုပ်ရုံးစာရေးကတော့ သေသွားတယ်။ ထွေအုပ်ရုံးစာရေး(သေဆုံးသူ)နဲ့ မောင်နိုင်က ဘာတော်မှန်းတော့မသိဘူး။ မောင်နိုင်မှာတော့ မိန်းမရှိတယ်၊ သေနတ်နဲ့ ၃ ချက်မှန်တယ်၊ ပစ်တာတော့ တောက်လျှောက်ပစ်တာ” လို့ ပွင့်ဖြူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေအိမ်ဟာ ပွင့်ဖြူမြို့မှာတာဝန်ကျတဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)တပ်သား မောင်နိုင် ဆိုသူ ပိုင်ဆိုင်တဲ့နေအိမ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန်မှာ မောင်နိုင်လည်း နေအိမ်တွင်းအတူရှိနေကာ ကျည်ဆန်ထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့ ပစ်ခတ်ခံရတာဟာ လူမှုရေးကိစ္စတွေနဲ့ ငွေကြေးအရှုပ်အရှင်းပြဿနာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး ဘာကြောင့်အသတ်ခံရတယ်ဆိုတာတော့ မြေလတ်အသံက အတည်မပြုနိင်ပါဘူး။

” သူက ပွင့်ဖြူမြို့ စံပြရွာသူပါ၊ ရပ်ကွက်ထဲက ကြားတာတော့ အဲ့ဒီအမျိုးသမီးက ပွင့်ဖြူမြို့ အထွေအုပ်ရုံးကနေ ရာထူးတိုးနဲ့ စကုမြို့ကို ပြောင်းသွားရတာ၊ ငွေလည်းဝင်တယ်။ အဲ့ဒါကြောင့် မနာလိုလို့ ပစ်တာလို့ ကြားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတ်တာမဟုတ်ဘူး” လို့ အထက်ပါ ဒေသခံကပြောပါတယ်။

နောက်ထပ်စကုမြို့ခံတဦးကလည်း လယ်ကိုင်းရွာမှာ သေနတ်ပစ်ခတ်မှုကြောင့် ထွေအုပ်အမျိုးသမီးဝန်ထမ်း ၁ ဦးသေဆုံးခဲ့ပြီး သေနတ်ပစ်ခတ်မှုဟာ စရဖနဲ့ရဲတပ်ဖွဲ့တွေ အဓမ္မရယူထားတဲ့ လာဘ်ငွေကိစ္စတွေကြောင့်ဆိုကာ ပြောဆိုနေကြကြောင်း ပြောပါတယ်။

သေဆုံးသူရုပ်အလောင်းကို မင်းဘူးမြို့ဆေးရုံကို ပို့ဆောင်ပြီးနောက် ယမန်နေ့ နေ့လယ် ၂ နာရီခန့်က စံပြရွာမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ယမန်နေ့လယ် ၂ နာရီလောက်မှာ ပွင့်ဖြူမြို့ကနေ စစ်ကော်မရှင်တပ်ကား ၂ စီး အိမ်စီးကား ၁ စီးနဲ့ စစ်အင်အား ၈၀ ခန့် စကုမြို့ ခံကုန်းရွာဘက်ကို ရောက်ရှိနေကာ သေနတ်နဲ့ ပစ်ခတ်သူတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။