14 October 2026 1:02 AM

ဝက်လက်ကနေ စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးသွားတဲ့ ဒေသခံ ၅ ဦးရဲ့ အလောင်းကို စစ်ကိုင်းနယ်ထဲမှာတွေ့

0 17
0 17

ဝက်လက်၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်စဥ် ဖမ်းဆီးသွားတဲ့ ဝက်လက်ဒေသခံ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို စစ်ကိုင်းမြို့နယ်၊ သိမ်ချောင်းတံတားအောက်မှာ တွေ့ရှိခဲ့တယ်လို့ ဝက်လက်မြို့နယ် ပကဖသတင်းတာဝန်ခံထံက သိရပါတယ်။

ဝက်လက်မြို့နယ်ထဲက ရပ်ကျေး ပကဖ တွေနဲ့ စစ်ကိုင်းမြို့နယ် တပ်ရင်းတွေက နိုဝင်ဘာ ၂၉ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် အဲ့ဒီရုပ်အလောင်းတွေကို စစ်ကိုင်းမြို့နယ်၊ သိမ်ချောင်းတံတားအောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးနေတဲ့ အမျိုးသားတွေဟာ ဝက်လက်မြို့နယ် ရွာတော်ကုန်း၊ တမာကုန်းနဲ့ လှတောရွာက ဒေသခံတွေလို့ သိရပါတယ်။

“ ရွာတော်ကုန်း၊ တမာကုန်း၊ လှတော ကျေးရွာက လို့သိရပါတယ်၊ စစ်ကြောင်းက ဖမ်းခေါ်သွားတဲ့ ဓါးစာခံတွေပါ၊ နယ်မြေရှင်းလင်းရေး လုပ်ရင်းတွေ့တာပါ။” လို့ ဝက်လက်မြို့နယ် ပကဖသတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့မှာ ဆားတောင်ကနေ ရွာသာကြီးအထိုင်စခန်းကို ဖြည့်လာတဲ့အင်အားနဲ့ လှတောရွာအထိုင်စခန်းက ထွက်လာတဲ့ အင်အားတို့ ပေါင်းထားတဲ့ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းက ဝက်လက်မြို့အတွင်းဝင်ရောက်လာစဉ် ကျေးရွာ ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၄၀ ကျော်ကို ဓားစာခံ ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးသွားတဲ့ ဓားစာခံတွေဟာ ဝက်လက်မြို့နယ်နဲ့ ရွေဘိုမြို့နယ်ထဲက အရပ်သားတွေဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် စစ်ကြောင်းပြန်ထွက်ပြီးနောက် ၂၀ ဦးပြန်လွှတ်ပေးခဲ့ကာ ဒီကနေ့အထိ ပြန်လွတ်မလာသေးတဲ့ အရပ်သားတွေလည်းရှိနေသေးသလို အခုလိုသေဆုံးနေတဲ့ ရုပ်အလောင်းတွေလည်းတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းဝင်ရာလမ်းတလျှောက်ကျေးရွာတွေဖြစ်တဲ့ မူးကြီး၊ တံတားဦး၊ ထုံးဘို၊ လိန်ပင်၊ ခေါတော၊ မြင်တော်၊ ဦးတည်ကုန်း၊ တမာကုန်း၊ ရွာတော်ကုန်း၊ ရွာသာကြီး၊ သရက်ကြီး၊ ဘုရားပျံ၊ ဥယျာဉ်မ၊ ကျီးကန်တောင်ရွာ၊ ပင်းဇင်း၊ ကျီးကန်မြောက်ရွာ၊ လှတော၊ ရွှေကျင်၊ စိုင်နိုင်လေးနဲ့ ပုဏ္ဏားရွာတွေကို မီးရှို့ခဲ့ပြီး ဆားတောင်မြို့ အထိုင်စခန်းကို ပြန်လည်ရောက်ရှိနေပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။