ခင်ဦးက စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကို အခြေခံစားကုန်တွေထောက်ပံ့ပေး

0 2
0 2

ခင်ဦး၊ နိုဝင်ဘာ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကို ရိက္ခာအတွက် အခြေခံစားကုန်တွေထောက်ပံ့ပေးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၄ နဲ့ ၂၅ ရက်တွေမှာ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ၂၀ ခန့်က အရေးပေါ်စစ်ရှောင်နေရတဲ့ အိမ်ထောင်စု ၅၀၀ ခန့်ကို ဆန်၊ ဆီ၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ အိုင်အိုဒင်းဆား စတဲ့အခြေခံစားကုန်တွေနဲ့ မုန့်ထုပ်တွေ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၉၀ ခန့် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

“ဘာတွေကိုအဓိကလှူဒါန်းလဲဆိုတော့ အဓိက ကတော့ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်၊ ပဲရယ် အရေးပေါ်လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပေါ့။ ပေးဝေတဲ့လုပ်ငန်းကို တောက်လျောက်လုပ်နေပါတယ်။ ကျန်တဲ့ရွာတွေကို ဆက်ပြီးလုပ်ဖို့ရှိနေပါတယ်။ “လို့ မြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်က ကန့်ဘလူကနေ ခင်ဦးဘက်ကို စစ်ကော်မရှင်တပ် အင်အား ၃၀၀ ဝန်းကျင်နဲ့စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းနဲ့ ကန့်ဘလူမြို့နယ် အနောက်တောင်ခြမ်းက ကျေးရွာပေါင်း ၂၀ ခန့်က အိမ်ထောင်စုတွေ အရေးပေါ်စစ်ရှောင်နေကြရတာပါ။

စစ်ရှောင်ရတာ ၁၆ ရက် ရှိနေခဲ့ပြီး ရက်ရှည်လာတာနဲ့အမျှ စစ်ရှောင်တွေအတွက် နေစရာ၊စားနပ်ရိက္ခာအခက်အခဲတွေများတဲ့အပြင် ရာသီဥတု ပြင်းထန်တာကြောင့် ဖျားနာနေသူတွေလည်းရှိနေတယ်လို့ ၎င်းကဆိုပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်က ကျောက်တိုင်ကျေးရွာကို မီးရှို့ခဲ့ပြီး မုံလှကျေးရွာမှာပဲရှိနေတယ်လို့ သိရပါတယ်။

ကူညီထောက်ပံ့မှုတွေကို ခင်ဦးမြို့နယ် ပအဖ၊ ပကဖ၊ ခင်ဦးမြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ် တရားရေး ဥက္ကဌနှင့် အဖွဲ့ဝင် ၁ ဦး၊ မြို့နယ် အခွန်တော် အရာရှိ၊ ဘဏ္ဍာရေး တွဲဘက်၊ သယံဇာတ ဥက္ကဌ၊ လျှပ်စစ် တွဲဘက်၊ စိုက်ပျိုးရေး၊ မြို့နယ် ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်များ၊ ကျေးရွာ ပအဖ၊ ပကဖ များမှ ပါဝင်ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ကန့်ဘလူမြို့နယ်ရှိ ကျောက်တိုင်၊ ကျီစု၊ယင်းတိုက်၊ ဝက်တိုး၊ အိုင်ပေါင်းချောင် ကျေးရွာ၊ ရေဦးမြို့နယ်၊ ပင်စိမ်းခင်းကျေးရွာ၊ ခင်ဦးမြို့နယ်ရှိ မုံလှ၊ သာဝတ္ထိ၊ သရက်တော၊ ကင်းပြစ်၊ ကလုံ၊ မြင်းကျ၊ ကျွန်းတောကြီး၊ ဥယျာဉ်၊ယာတော်၊ မကျီးအုပ်၊ မြင်းဒေါင်း၊ သရက်ပင်စု၊ သက်သာပန်းတောင်းစတဲ့ကျေးရွာက စစ်ရှောင်ပြည်သူ ၄ သောင်း ခန့် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။