ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲအတွက် လူလိုက်ခေါ်တဲ့ ရာအိမ်မှူးအမျိုးသမီး ဓားခုတ်ခံရ

0 7
0 7

ဓားနဲ့ခုတ်သူကို ရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ဖမ်းဆီးထား

ရွှေကျင်၊ နိုဝင်ဘာ ၁၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု၊ အနောက်ဘက်ကျေးရွာမှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းတွေမဲဆွယ်ပွဲအတွက် လူလိုက်ခေါ်ပေးနေတဲ့ ရာအိမ်မှူး အမျိုးသမီး ဓားခုတ်ခံရပြီး ဓားနဲ့ခုတ်သူကို ရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓားနဲ့ခုတ်ခံရသူက ကြံ့ဖွံ့ပါတီရပ်ကျေးအလုပ်အမှုဆောင်လည်းဖြစ် ရာအိမ်မှူးလည်းဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်အမာစိန်ဆိုသူဖြစ်ပြီး တရွာတည်းနေ အသက် ၄၀ ကျော်အရွယ် ကိုဝင်းဦးဆိုသူက နိုဝင်ဘာ ၁၄ ရက်မနက် ၁၀ နာရီကျော်မှာ ဓားနဲ့ခုတ်ခဲ့တာလို့ ဆိုပါတယ်။

“အမာစိန်က မဲဆွယ်စည်းရုံးဖို့လုပ်နေတာကို ဘယ်လိုအခန့်မသင့်တာလည်းမသိဘူး။ ဝင်းဦးက အမာစိန်ကိုဓါးနဲ့လိုက်ခုတ်တာ။ စစ်တပ်ကတော့လာဖမ်းသွားတယ်။ သူက(ဝင်းဦး) ရွာမှာဆိုလည်း စွာတယ်။ ဇိုးလို့ပြောရမယ်။ “လို့ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ကြံ့ဖွံ့ပါတီရဲ့ ရပ်ကျေးပါတီဝင် ဦးနိုင်ဦးနေအိမ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရောက်နေချိန် ပါတီဝင်တွေမရောက်လာသေးတဲ့အတွက် ဒေါ်အမာစိန်ကတအိမ်တက်ဆင်း လူလိုက်ခေါ်နေချိန်မှာ ဓါးနဲ့ခုတ်ခံရတာလို့ ဆိုပါတယ်။

ဓားနဲ့ခုတ်ခံရလို့ ဒေါ်အမာစိန်ရဲ့ လက်အနည်းငယ်ထိခိုက်သွားပြီး ဓါးနဲ့ခုတ်သူ ဝင်းဦးကိုတော့ စစ်ကော်မရှင်တပ်သားတွေက ချက်ချင်းရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကိုဝင်းဦးကို ရွှေကျင်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး သူ့ကိုတော့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ပျက်ပြားအောင်ရည်ရွယ်ချက်နဲ့ ဟန့်တားတာ၊ နှောင့်ယှက်တာတွေ ကျူးလွန်ခဲ့တယ်ဆိုကာ (ပ) ၄၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုဒ်မ၂၄ (က) အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာရေးသားဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဘက်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ထုတ်ပြန်ပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူထားသူ ၁၀၀ ကျော်ထိရှိတယ်လို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေကတဆင့်သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။