ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တောင်းမြစ်တလျှောက် စစ်တပ်က စစ်ဆေးမှုတင်းကြပ်
ဝေါ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာစျေးအနီးမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ နယ်ထိန်းရဲ စစ်ဆေးရုံတင်ပို့စဥ် သေဆုံးသွားတယ်လို့ ဝေါမြို့နယ်ပကဖနဲ့ ပဲခူးရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူဟာ မြစ်ကျိုးနယ်မြေရဲစခန်း နယ်ထိန်းဒုတပ်ကြပ် ဇင်မင်းသူ ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် ယမန်နေ့ မနက် ၇ နာရီခန့်မှာ သူ့ရဲ့နေအိမ်ကနေ ရဲစခန်းကို ဆိုင်ကယ်မောင်းနှင်ထွက်လာစဥ် စျေးအနီးမှာ ဝေါ PDF တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့အနီးကပ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

” ဒဏ်ရာပြင်းတော့မြစ်ကျိုးပို့တယ်။ အဲ့ကနေမနိုင်တော့ ညနေ ၅ နာရီလောက်မှာ မင်္ဂလာဒုံ(ဆေးရုံ)ပို့တာ လမ်းမှာတင်သေတယ်လို့ သတင်းပြန်ရထားတယ်။ သူပစ်ခံရပြီးတော့ စကစစစ်ကြောင်းထိုးမွှေနေတယ်”လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ဝမ်းဗိုက်နဲ့ ဦးခေါင်းတွေမှာ သေနတ်ဒဏ်ရာပြင်းထန်ရထားတဲ့ အဲ့ဒီနယ်ထိန်းရဲကို မြစ်ကျိုးဆေးရုံကနေတဆင့် မင်္ဂလာဒုံကုတင် ၁,၀၀၀ စစ်ဆေးရုံကို ပို့ဆောင်ကုသချိန် သေဆုံးသွားခဲ့ကြောင်း ပဲခူးရဲတပ်ဖွဲ့အသိုင်းအဝိုင်းကလည်း အတည်ပြုပါတယ်။
နယ်ထိန်းသေနတ်ပစ်ခတ်ခံရပြီးတဲ့နောက် ယမန်နေ့ညနေပိုင်းမှာ ဝေါမြို့ကထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်အင်အား ၇၀ ခန့်ဟာ မြစ်ကျိုးရွာကိုရောက်လာပြီး ကျေးရွာအဝင်အထွက်တွေမှာပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်ကာ စစ်ဆေးမှုတင်းကြပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်အဖွဲ့တွေဟာ မြစ်ကျိုးကျေးရွာအနီးက ဆင်ရွာကျေးရွာမှာ နိုဝင်ဘာ ၁၂ ရက် ဒီကနေ့အထိ တပ်စွဲထားပြီး စက်လှေဆိပ်၊ စစ်တောင်းမြစ်အနီးဝန်းကျင်ကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ