ဒေသခံတချို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ထားတယ်လို့ မင်းကင်းပအဖ ပြော
မင်းကင်း၊ နိုဝင်ဘာ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တချို့ဦးစီးလုပ်ကိုင်မယ့် လောင်းပြည့်ကျွန်းရွှေမျောစီမံကိန်းကို နိုဝင်ဘာ ၈ ရက်မှာ ဒေသခံလူထုအင်အား ၂,၀၀၀ ကျော်က တတိယအကြိမ်ဆန္ဒပြ ကန့်ကွက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာလည်း ၂ ကြိမ်တိုင်ဆန္ဒပြကန့်ကွက်ခဲ့ပေမယ့် အဲ့ဒီ ရွှေမျောကိုဆက်လက်လည်ပတ်နေပြီး ဒေသခံတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုထားတာကြောင့် တတိယအကြိမ်ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြစဉ်မှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

“တတိယအကြိမ် ဆန္ဒပြရတာနဲ့ ပတ်သက်ပြီးပြောရရင် ရွှေမျောတွေ ဆက်လက်တိုးချဲ့ လုပ်ကိုင်နေပြီး ပိတ်တန်းတွေပစ်ကာ မောင်းဖို့ပြင်ဆင်နေကြပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ တတိယအကြိမ် ဆန္ဒပြရခြင်း ဖြစ်ပါတယ်။” လို့ ဆန္ဒပြစဉ်မှာပါဝင်ခဲ့သူက ပြောပါတယ်။
ဆန္ဒပြပွဲမှာတော့ ရွှေမျောကို ရပ်တန့်ပေးဖို့နဲ့ ပအဖ၊ ပကဖ တာဝန်ခံတွေ တာဝန်ကနေ ရပ်နားပေးဖို့ အဓိကတောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါ တတိယအကြိမ်ဆန္ဒပြပွဲကို သင်တော၊ ညောင်ပင်သာ၊ အုန္နဲဘုတ်၊ ဘင်ရွာ၊ အနောက်တောရွာ၊ ကျောက်ခဲတက်ရွာက စစ်ဘေးရှောင်တွေနဲ့ ခေတ်လုံကျေးရွာတွေက ဒေသခံအင်အား ၂,၀၀၀ကျော်နဲ့ ချီတက်ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။


မင်းကင်းမြို့နယ် ပအဖတာဝန်ခံကတော့ ရွှေမျောလည်ပတ်တာမျိုးမရှိသေးဘဲ ရွှေမျောနဲ့ နီးစပ်တဲ့ လောင်းပြည့်ရွာနဲ့ ဇင်ကလဲရွာပြည်သူတွေနဲ့ ပြီးခဲ့တဲ့ အောင်တိုဘာ ၈ ရက်မှာ တွေ့ဆုံညှိနှိုင်းခဲ့တာတွေရှိခဲ့ပြီး အဲ့ဒီရွာတွေအတွက် မျောလုပ်ငန်းရှင်တွေက ထောက်ပံ့ငွေပေးတာ၊ ဒေသခံတွေက မျောထဲမှာ သီးနှံနဲ့ ရွှေမျောဆက်စပ်ပစ္စည်း လာရောက်ရောင်းချတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
“လုပ်ငန်းလည်ပတ်မှုကတော့ မရှိသေးဘူးဗျ၊ ဒေသခံဆိုတဲ့အထဲမှာ အဓိက နစ်နာမဲ့ရွာ ၂ ခု၊ လောင်းပြည့်ရွာနဲ့ ဇင်ကလဲရွာတွေကိုတော့သွားတွေ့တယ်၊ ပြည်သူနဲ့ အပြန်အလှန်ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်ဗျ၊ ဒီ ၂ ရွာက ဒီနေ့အထိသူတို့လိုချင်တာကို ကျနော်တို့ဆီတွေ့ဆုံဆွေးနွေးကြတယ်၊ မျောလုပ်ငန်းရှင်နဲ့တွေ့တယ်၊ ဒေသအတွက် ထိခိုက်မယ့် ကိစ္စတွေမလုပ်ဖို့ ဆွေးနွေးဖြစ်ကြတယ်၊ မျောလုပ်ငန်းရှင်တွေကနေတဆင့် ထောက်ပံ့မှုတွေလည်း ရပါတယ်၊ ရွာခံတွေလည်း မျောလုပ်မဲ့ဂွင်မှာ သီးနှံတို့ တခြားမျောနဲ့ဆက်စပ်တာတွေ ရောင်းချတာတွေလာရောက်လုပ်ကိုင်နေကြပါတယ်။”လို့ မင်းကင်းမြို့နယ် ပအဖတာဝန်ခံက ပြောပါတယ်။


ဆန္ဒပြစဉ်မှာ ဒေသခံတွေက မင်းကင်းမြို့နယ် ပအဖနဲ့ ပကဖတာဝန်ခံတွေကို တာဝန်ကရပ်ဆိုင်းပေးဖို့ တောင်းဆိုလာတဲ့အပေါ် အရင်ဆွေးနွေးညှိနှိုင်းပြီး ဝန်ကြီးဌာနကို အကြောင်းကြားတာမျိုးတွေလုပ်ဖို့ မင်းကင်းမြို့နယ် ပအဖတာဝန်ခံက ဆိုပါတယ်။
“လက်ရှိ အခြေအနေမှာ ဘာမှမစခင် တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကိုပဲ ကျနော်တို့ ဆောင်ရွက်ချင်တာပါ။ ကျနော့်အနေနဲ့ရော၊ ကျနော့် ပအဖ တဖွဲ့လုံးအနေနဲ့ရော၊ ပြည်သူ့ဆန္ဒကို အလေးထားပါတယ်။ ပြည်သူတောင်းဆိုမှုကို လိုက်လျောချင်ပါတယ်။ ဘောင်ထဲကနေ တွေ့ဆုံဆွေးနွေးရေးလုပ်ကြပါ။ ကျနော်တို့ကနေတဆင့် ပြည်သူ့စကားသံကို ဝန်ကြီးဌာနကို ပြန်တင်ပေးမှာပါ။” လို့ မင်းကင်းမြို့နယ် ပအဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။


မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်းရွှေမျောကို တော်လှန်ရေးတပ်တချို့က တော်လှန်ရေးရန်ပုံငွေ အတွက်ဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG သယံဇာတဝန်ကြီးဆီစာတင်ပြီး ပြုလုပ်ခဲ့တာလို့ မင်းကင်းမြို့နယ်ပကဖတာဝန်ခံက အောက်တိုဘာ ၂ ရက် မြေလတ်အသံရဲ့ ဆက်သွယ်မေးမြန်းမှုမှာ ဖြေကြားထားပါတယ်။
အောက်တိုဘာ ၂ ရက်နဲ့ ၅ ရက်မှာလည်း အဆိုပါရွှေမျောစီမံကိန်းနဲ့ပတ်သက်ပြီး လောင်းပြည့်ရွာ၊ အနောက်တောရွာ၊ အုန္နဲဘုတ်ရွာ၊ ဘင်ရွာ၊ ညောင်ပင်သာရွာ၊ ဇင်ကလဲရွာ၊ သင်းတောရွာတို့က ဒေသခံထောင်ကျော်က ဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။
စာတည်း – လင်း