ပခုက္ကူမှာ ဗုံးကြဲပြီး စက်လတ်တွေနဲ့ပါပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံး

0 15
0 15

မကွေး၊ အောက်တိုဘာ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ထန်းတပင်ကျေးရွာကို စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အောက်တိုဘာ ၂၄ ရက်ည ၁၀ နာရီဝန်းကျင်မှာ ပါရာမော်တာ ၃ စီးနဲ့ ထန်းတပင်ရွာကို ဗုံး ၂ လုံးကြဲချပြီး စက်သေနတ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းကတော့လှုပ်ရှားမှုမရှိဘူး။ ရှောင်သူတွေများလို့ အဲ့လောက်ပဲသေတာ။ အစတွေ မှန်ပြီးသေကြတာ။ စက်လတ်နဲ့ရောပစ်တယ်။ တချို့ကျတော့ရုတ်တရက်ဆို ရှောင်ရခက်တယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ပခုက္ကူမြို့နယ်အတွင်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှစစ်ကော်မရှင်တပ်တွေကလည်း စစ်ကြောင်း ထိုးနေတာကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိထန်းတပင်ရွာက ဒေသခံတွေတိမ်းရှောင်ခဲ့ရပြီး အခုထိခိုက်သူတွေဟာ မတိမ်းရှောင်နိုင်ပဲ ကျန်ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ အင်အား ၂၀၀ ခန့်နဲ့ ညောင်ဂျစ်ပင်ရွာမှာအထိုင်ချပြီးနောက် အောက်တိုဘာ ၂၅ ရက်ဒီမနက်ပိုင်းမှာ ပခုက္ကူမြို့နယ်အနောက်ဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းကြောင့် ထန်းတပင်ကျေးရွာ အပါအဝင် ရေလာကြီး၊ ဝါးကျွန်းကွင်း၊ ဖောင်းကွဲ၊ ဖောင်းကျောင်း၊ ရေမျက်၊ ရွာသာအေး၊ ပြည့်အိုင်၊ ချောင်းဦးတိုစတဲ့ကျေးရွာကဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ အောက်တိုဘာ ၂၄ အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင် ၇,၄၀၅
ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးသင်း – AAPP က ထုတ်ပြန်ပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။