myaelatt athan

Sharing Information to the Local

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး

မြောင်၊ မတ် ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြောင်မြို့အနီးမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်သားတွေရဲ့ စက်တပ်လေထီးသုံးဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံးထားတယ်လို့ Myaung PDF CDSOM ကသတင်းထုတ်ပြန်ပါတယ်။

မတ် ၁၉ ရက်ညနေပိုင်းမှာ မြောင်မြို့ပေါ်ရဲစခန်းကစစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မြောင်မြို့တောင်ဘက် လှေတင်ဦးရွာက ဒေသခံအမျိုးသား ၁ ဦးထိမှန်သေဆုံးပြီး မြို့မြောက်ဘက် ကျည်ကုန်းရွာက အမျိုးသား ၁ ဦးလည်းသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာလည်း စစ်တပ်လေထီးနဲ့ထပ်မံဗုံးကြဲခဲ့တာကြောင့် မြောင်မြို့ပေါ်က ဒေသခံ ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ် ၁၉ ရက် မနေ့ကမနက်ပိုင်းမှာ မြောင်မြို့ပေါ်ရဲစခန်းမှာပြုလုပ်တဲ့ မင်္ဂလာဆောင်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် မနက် ၈ နာရီကနေ နေ့လယ် ၁၁ နာရီအထိ ၁ ကြိမ်၊ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီခွဲအထိ မြောင်မြို့ပေါ်မှာ ၂ ကြိမ်တိုက်ပွဲဖြစ်ခဲ့ပြီး ဒီအချိန်တွေအတွင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်တိုက်ဂါးက ပြောပါတယ်။

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်” လို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်တိုက်ဂါးက ပြောပါတယ်။

စက်တပ်လေထီးနဲ့ပစ်ခတ်တိုက်ခိုက်ချိန် မြောင်မြို့ပြင်ကို ဗုံး ၁ လုံး၊ မြို့ထဲကို ၁ လုံးကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ည ၉ နာရီလောက်မှာလည်း မြို့တောင်ဘက်ကို နောက်ထပ်ဗုံးသီး ၁ လုံးထပ်မံကြဲချခဲ့တာကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။

မတ် ၂၀ ရက်ဒီကနေ့မှာလည်း မုံရွာ နမခ တပ်ကအင်အား ၁၅၀ စစ်ကူထပ်ရောက်နေပြီး ယခုလက်ရှိမှာ မြောင်မြို့ဘောလုံးကွင်းနဲ့ မြောင်မြို့ပေါ်မှာ အုပ်စုခွဲပြီး ဒေသခံတွေကိုဖမ်းဆီပြီး မြောင်မြို့ ရဲစခန်းကိုခေါ်တာတွေရှိသလို နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။