27 July 2026 8:27 AM

စစ်ကြောင်းထိုးခံနေရတဲ့ဆားလင်းကြီးကို လေကြောင်းကနေဗုံးထပ်ကြဲလို့ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ခြေထောက်ပြတ်

0 15
0 15

ဆားလင်းကြီး၊ အောက်တိုဘာ ၂၁၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာကို စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက် ယမန်နေ့ ညနေ ၅ နာရီခန့်မှာ မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေလာတဲ့ စက်တပ်လေထီး ၂ စီးဟာ ထန်းပုကျေးရွာဝန်းကျင်ကို ဗုံး ၃ လုံးကြဲချခဲ့ရာ ကျေးရွာအတွင်း နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” ပါရာမိုတာနဲ့ချတယ်။ ဂျိုင်ရိုကော်ပတာနဲ့ ချတယ်။ မအူကနေဟောင်ဝစ်ဇာပစ်တယ်။ မအူ(ရွာ)ကနေ လက်နက်ကြီးတွေက ဆက်တိုက်ပစ်နေတာ။ မနေ့ကတုန်းက အကြောင်းမဲ့စစ်ရှောင်နေတဲ့နေရာကိုချတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် ဆားလင်းကြီးမြောက်ဘက်ကျေးရွာတွေကနေ ထန်းပုရွာကို စစ်လာရှောင်နေတဲ့ အသက် ၂၂ နှစ်ဝန်းကျင် လင်မယား ၂ ဦးသေဆုံးခဲ့ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးခြေထောက် ၂ ဖက်လုံးပြတ်တောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁၈ ရက်ကစတင်ကာ ဆားလင်းကြီးမြို့နယ်၊ ဖောင်းတကာရွာနဲ့ ဝမ်ပေါင်ကြေးနီထုတ်စက်ရုံအနီးဝန်းကျင်ကျေးရွာတွေကို အင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာလို့ ဒေသတွင်းမှာ အောက်တိုဘာ ၂၀ ရက် ယမန်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးနေပေမယ့် ရှေ့ဆက်မတိုးနိုင်တာကြောင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူယူပြီး နေ့စဉ်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးတာနဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်နေတာတွေကြောင့် ရွှေလှေ၊ လက်ပံတောင်း၊ တောကျောင်း၊ တုံရွာ၊ လယ်တီနဲ့ ဆည်တည်း၊ ဖောင်းတကာ၊ ထန်းပု၊ အလယ်တော၊ အလယ်ရွာ၊ တုံရွာသစ်၊ တုံရွာမ၊ ဝဲကြီး၊ ဝဲကွဲကျေးရွာတွေအပါ ရွာပေါင်း ၂၀ ခန့်က ဒေသခံ ၁၅,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။