မကွေးအခြေစိုက် PDF တဖွဲ့က သင်္ကြန်ကာလအတွင်း ရွာသားတွေကို စတုဒီသာကျွေး

0 3
0 3

မကွေး၊ ဧပြီ ၁၄၊ ၂၀၂၃။

မကွေးတိုင်းအခြေစိုက် People’s Defence Force Myothit Battalion – 901 အဖွဲ့ဟာ သူတို့စခန်းတည်ရာအနီးရှိ ကျေးရွာကဒေသခံတွေကို သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ စတုဒီသာကျွေးမွေး ဧည့်ခံသွားမယ်လို့ သိရပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ အနီးနားကျေးရွာက ဒေသခံတွေဆီသွားရောက်ကာ တအိမ်တက်တအိမ်ဆင်း ရန်ကုန်မုန့်ဟင်းခါး လိုက်ဝေခဲ့တယ်လို့ People’s Defence Force Myothit Battalion – 901 မှ ပြန်ကြားရေးတာဝန်ခံ ကိုရဲနီသွေးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့ ပထမရက် မုန့်ဟင်းခါးချက်တဲ့နေ့ကဆိုရင် မနက် ၆ နာရီကထဲက ပြင်ဆင်လိုက်တာ ၈ နာရီထိကြာသွားတယ်။ အရေအတွက်လည်းများတာကို၊ ချက်ပြုတ်ပြီးတော့ ရွာသားတွေကို တအိမ်တက် တအိမ်ဆင်း လိုက်ဝေတယ်” လို့ ဆိုပါတယ်။

ဧပြီလ ၁၄ ရက် ဒီနေ့မှာတော့ ရွာသားတွေကို မုန့်လုံးရေပေါ် လိုက်ဝေပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

အခုအချိန်မှာ ဝမ်းနည်းပူဆွေးမှုတွေ ရှိနေပေမယ့်လည်း ရိုးရာမပျက်စေချင်တဲ့ ရည်ရွယ်ချက်အတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့လည်း အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

“သင်္ကြန်မတိုင်ခင်မှာ တနိုင်ငံလုံးပူဆွေးရတဲ့ ကန့်ဘလူ ဖြစ်စဉ်ဖြစ်သွားတယ်။ ဖြစ်သွားတဲ့အတွက် ကျနော်တို့လည်း တော်တော်ခံစားရပါတယ်။ တော်တော်လည်း ဒေါသထွက်ရတယ်။ အခုလိုသင်္ကြန်မှာ လုပ်ဆောင်နေရတာကလည်း ကျနော်တို့ရိုးရာ မပျက်စေချင်တဲ့အတွက်ကြောင့် တိုးတိုးတိတ်တိတ် လုပ်ဆောင်ရတာပါ” လို့ ဆိုပါတယ်။

နောက်ထပ်ကျန်ရှိနေသေးတဲ့ သင်္ကြန်ရက်တွေမှာလည်း ကြာဇံဟင်းခါးနဲ့ ပေါင်မုန့်နို့ဆမ်းကို ကျွေးမွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။