မင်းတုန်းက နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေ ၄ ဦး ဒဏ်ရာရ

0 1
0 1

သရက်၊ ဧပြီ ၁၀၊ ၂၀၂၃။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်‌အောက် နယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၀ ရက် ဒီကနေ့ မနက် ၄ နာရီခွဲလောက်မှာ စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်နက်၊ ခဲယမ်း မလုံလောက်တာကြောင့် စခန်းသိမ်းနိုင်တဲ့ထိတော့ မရောက်ခဲ့ဘူးလို့ သရက်ခရိုင်တပ်ရင်း-၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တဦးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့ အစီအစဉ်က အခြေအနေပေးရင် တခါထဲဝင်သိမ်းဖို့ပါ။ တိုက်ပွဲက နာရီဝက်လောက် ဖြစ်တယ်။ အပြန်အလှန်ပစ်တာဆိုပေမယ့် ကျနော်တို့ပစ်အားကို မမီဘူးပေါ့။ အဲ့အချိန်မှာ ပြည်သူတွေရဲ့ ကားတချို့က တိုက်ပွဲနားကပ်လာလို့ တိုက်ပွဲအရှိန်အနည်းငယ်လျော့သွားပြီး ကျည်လည်းနည်းလာလို့ ပြန်ဆုတ်ခဲ့တာပါ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ကျောက်တိုင်ရွာရဲစခန်းက အသက် ၃၁ နှစ်အရွယ် ရဲတပ်သား ဇင်ဘိုကို သေဆုံးတာကို အတည်ပြုထားနိုင်ပြီး တခြားသေဆုံးရဲတပ်သား ၁ ဦးနဲ့ ဒဏ်ရာရ ရဲ ၄ ဦးရဲ့ အချက်လက်တွေကတော့ စုံစမ်းနေဆဲဖြစ်ကာ ရဲစခန်းအဆောက်အဦး အမိုးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း-၄ Eagle Force၊ ကျောင်းသားလက်ရုံးတပ်တော် S.A.F၊ လွတ်မြောက်ရေးတပ်တော် W.O.L.F တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း ပုသိမ်-မုံရွာ ကားလမ်းမဘေးက ၅ မိုင် စစ်ဆေးရေးဂိတ်နဲ့ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာနားက ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။