နတ်တလင်းသင်္ကြန်ကျင်းပဖို့ လောင်းကစားဒိုင်နဲ့ လုပ်ငန်းရှင်တွေဆီက စစ်ကောင်စီငွေတောင်းခံ

0 4
0 4

နတ်တလင်း၊ ဧပြီ ၁၀၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့မှာ သင်္ကြန်ပွဲကျင်းပဖို့အတွက် စစ်ကောင်စီက လောင်းကစားဒိုင်တွေနဲ့ လုပ်ငန်းရှင်တွေဆီကနေ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။

ဧပြီလ ပထမအပတ်ကစတင်ကာ နတ်တလင်းမြို့က ဘောလုံးဒိုင်၊ ၂ လုံးဒိုင်နဲ့ ချဲဒိုင်တွေအပြင် လုပ်ငန်းရှင်တွေဆီကနေ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်စာရေးတွေက တောင်းခံခဲ့တာလို့ မြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သင်္ကြန်မဏ္ဍပ်မှာ ကုန်မယ့်ငွေကို သက်ဆိုင်ရာထွေအုပ်စာရေးတွေက အုပ်ကြီးတွေဆီမှာ လောင်းကစားဒိုင်စာရင်းနဲ့ လုပ်ငန်းရှင်စာရင်းယူပြီး သူ့ရပ်ကွက်ကျေးရွာအလိုက် လိုက်တောင်းပေးရတာ” လို့ ပြောပါတယ်။

လောင်းကစားဒိုင်တွေကို အကြီးအသေးအလိုက် ကျပ် ၅ ထောင်ကနေ ကျပ်၂ သိန်းအထိတောင်းပြီး၊ ရွှေလုပ်ငန်းရှင်နဲ့ တခြားလုပ်ငန်းရှင်တွေကို ကျပ် ၂ သောင်းကနေ ကျပ် ၅ သိန်းအထိ တောင်းတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ နတ်တလင်းမြို့၊ ဇီးကုန်းကလေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း ဘုရားကြီးရှေ့မှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ထားပြီး၊ ခုလို စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲမှာ မြို့ခံပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုရှိမှာ မဟုတ်သလို စစ်တပ်ထောက်ခံသူတွေသာ ပါဝင်နိုင်တယ်လို့ နတ်တလင်း ဒေသခံတဦးက သုံးသပ်ပါတယ်။

“မနှစ်ကလည်း ရေကစားတာသိပ်မရှိဘူး။ အခုနှစ်လည်း ပြည်သူ လုံးဝ စိတ်မဝင်စားဘူး။ သင်္ကြန်သီချင်းတောင် ဖွင့်သံမကြားဘူး။ သင်္ကြန်အတွက်လည်း အစိမ်းနဲ့ဘောမ ဝန်ထမ်းတွေပဲ လုပ်မဲ့ကိုင်မဲ့သူရှိတယ်။ သာမန်ပြည်သူက သင်္ကြန်ရက်မထွက်ဖို့ များတယ်” လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကောင်စီက ပြုလုပ်မယ့် သင်္ကြန်ပွဲတော်အပါအဝင် ဘယ်လိုပျော်ပွဲရွှင်ပွဲမဆို ဒေသခံပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နတ်တလင်းမြို့နဲ့ မြို့ချင်းကပ်လျက် ပေါင်းတည်မြို့မှာလည်း စစ်ကောင်စီက သင်္ကြန်မှာ စည်ကားဖို့အတွက် မဏ္ဍပ်တွေဆောက်လုပ်လျှက်ရှိရာ၊ ဧပြီလ ၉ ရက်မနေ့က မနက် ၅ နာရီလောက်မှာတော့ ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက်၊ ဘုရားကြီးလမ်းပေါ်က ဆောက်လုပ်ဆဲမဏ္ဍပ်ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၆၀၁ တပ်ခွဲ – ၅ နွေဦးတပ်ဖွဲ့က ဗုံးခွဲသတိပေးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။