ညောင်ဦး၊ အောက်တိုဘာ ၁၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ကို စစ်ကော်မရှင်တပ်တွေက စစ်ကြောင်း ၂ ကြောင်းနဲ့ထိုးနေတာကြောင့် ပြည်သူ ၈,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့မနက် ၇ နာရီခန့်မှာ တောင်ဇင်းရဲစခန်းကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကြောင်းက ကနီပေါက်ကျေးရွာဘက်ခြမ်း၊ ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာကထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းက မြောင်ကျေးရွာတကြောကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“တောင်ဇင်းကလာတဲ့စစ်ကြောင်းက ကန်နီပေါက်ရွာကို မီးရှို့နေတယ်။ ဘယ်နှအိမ်ပါမှန်းမသိသေးဘူး။ အဲ့စစ်ကြောင်းက ဂျိုးကန်ထဲမှာ။ အုံမြှားကြီးကလာတဲ့စစ်ကြောင်းက မြောင်မှာတပ်စွဲထားတယ်။ တိုက်ပွဲကြီးကြီးမားမားတော့ရှိမယ်။ တောင်ဘက်ကတော့ မိုင်းသံဘဲကြားတယ်။ တိုက်ပွဲသံမကြားဘူး”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့ခဲ့တဲ့ ကန်နီပေါက်ကျေးရွာက နေအိမ်တွေမီးလောင်ပျက်စီးမှုအခြေအနေကိုတော့ စစ်ကြောင်းကရှိနေသေးလို့ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
စစ်ကြောင်းထိုးနေလို့ အိမ်ခြေ ၁၅၀ ကနေ ၂၀၀ ကြားရှိ ကန်နီပေါက်၊ ရွာလေး၊ ဂျိုးကန်၊ ကျောက်ပြင်ကန်၊ ကံကြီးကုန်း၊ သချင်းကန်၊ မကျီးကန်၊ ယာတောကြီးကျေးရွာဘက်ကခြမ်းက လူဦးရေ ၅,၀၀၀ ကျော်ပြေးနေရပါတယ်။
ဒါ့အပြင် အိမ်ခြေ ၁၀၀ ကနေ ၁၅၀ ကြားရှိ လက်ယာချောင်၊ မြေနီ၊ ထက်ရာကုန်း၊ ပြင်းချောင်း၊ လယ်ကန်၊ မြောင်၊ သံစက်တောကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော်ထွက်ပြေးနေရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ကြအိုနဲ့စကားကျေးရွာကြားမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့ ကြားဖြတ်တိုက်ခံရပြီး ၁၀ ဦး ခန့်ထိခိုက် ၁ ဦးသေဆုံးကာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာက ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း