ချောင်းဦးမှာလက်နက်ကြီးထိလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ကလေး ၁ ဦးထိခိုက်

0 13
0 13

မြေလတ်အသံ၊ အောက်တိုဘာ ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာကို စစ်ကော်မရှင်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်ည ၉ နာရီကျော်မှာ ချောင်းဦးမြို့ပေါ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ၁ လုံးက ငါးလုံးတင်ရွာထဲကိုကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၁ နှစ်အရွယ်ယောကျာ်းလေး ၁ ဦးဒဏ်ရာရရှိခဲ့ တာလို့ဆိုပါတယ်။

“သေဆုံးတဲ့သူတွေက ဆွေမျိုးတွေမတော်ကြဘူး။ စစ်ဘေးရှောင်တွေ။ ကလေးနဲ့ အမျိုးသမီးကြီး ၁ ယောက်ကတော့ မြေးဖွားတော်ကြတယ်။ အမျိုးသမီး ၂ ယောက်မှာ ၁ ယောက်က ပွဲချင်းပြီး သေတယ်။ နောက် ၁ ယောက်ကတော့ ဆေးကုနေရင်းသေတာ”လို့ ချောင်းဦးဒေသခံအမျိုးသား တဦးကပြောပါတယ်။

သေဆုံးသူ ၂ ဦးမှာ ၁ ဦးက အောက်တိုဘာ ၁၀ ရက်ညမှာသေဆုံးခဲ့ပြီး နောက် ၁ ဦးကတော့ အောက်တိုဘာ ၁၁ ရက်ဒီမနက်ပိုင်းမှာဘဲ ဆေးကုသရင်းသေဆုံးခဲ့တာဖြစ်တာလို့ ဆိုပါတယ်။

ငါးလုံးတင်ကျေးရွာဟာ အိမ်ခြေစုစုပေါင်း ၁,၀၀၀ ခန့်ရှိပြီး ချောင်းဦးမြို့နယ်၊ တောင်ဘက်မှာတည်ရှိကာ ချောင်းဦးမြို့နဲ့ ၆ မိုင်ကျော်ကွာဝေးပါတယ်။

ပြီးခဲ့တဲ့မေ ၁၅ ရက်ည ၉ နာရီကလည်း ချောင်းဦးမြို့ပေါ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ ငါးလုံးတင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အလားတူ အောက်တိုဘာ ၆ ရက် (သီတင်းကျွတ်လပြည့်နေ့) ည ၈ နာရီမှာလည်း ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာအနီး ဒေသတွင်းသပိတ်အဖွဲ့တွေနဲ့ ပြည်သူတွေစုပေါင်းပြီး ဆီမီးသပိတ် ပြုလုပ်နေချိန် မုံရွာနမခက တက်လာတဲ့ ပါရာမော်တာက ၁၂၀ မမ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ သပိတ်ဦးဆောင်သူတွေ အပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးကာ ၄၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။