နတ်ရေကန် ဖိုက်တာစခန်းကုန်းက ဗိုလ်မှူးအဆင့်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ရာကျော် စခန်း စွန့်ထွက်ပြေး

0 35
0 35

ငဖဲ၊ အောက်တိုဘာ ၁၁၊ ၂၀၂၅။

အာရက္ခတပ်တော်-AA နဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင်ပေါ်ရှိ ဖိုက်တာစခန်းကုန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော် စခန်းစွန့်ထွက်ပြေးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

ဖိုက်တာစခန်းကုန်းကို အောက်တိုဘာ ၄ ရက်ကစတင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အောက်တိုဘာ ၉ ရက်မနေ့က မနက် ၉ နာရီခွဲ အချိန်မှာ စခန်းကုန်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စပ်စီရွာဘက်ကို ထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။

“နတ်ရေကန်စခန်းအနီးက ဖိုက်တာစခန်းကုန်းကို လက်နက်စွန့်ပြီးအကုန်လုံးထွက်ပြေးတာ၊ ဗိုလ်မှူး အဆင့်ပါ အင်အား ၁၀၀ ခန့် စခန်းစွန့်ခွာထွက်ပြေးကြတာ၊ နာမည်ကြီးစခန်းကုန်းပါ၊ မနေ့ကမနက်က အထိနာပြီးကစဥ့်ကလျား ထွက်ပြေးတာ၊ နတ်ရေကန်ကမ္ဘာလုံးစခန်းရဲ့ ကာကင်း စခန်းကုန်းပါ၊” လို့ တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အဲ့ဒီဖိုက်တာစခန်းကုန်းဟာ နတ်ရေကန်တောင်ရှိ လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်းရဲ့ အားထားရတဲ့စခန်းကုန်းဖြစ်ပြီး စပ်စီနဲ့ ဇင်ပြွန်းကျေးရွာတွေအနီး နတ်ရေကန်တောင်ကြောပေါ်တက်တဲ့ လမ်းဟောင်းမှာတည်ရှိကာ တိုက်ခိုက်ရခက်ခဲတာကြောင့် တော်လှန်ရေးတပ်တွေက ဖိုက်တာကုန်းလို့ အမည်ပေးထားတာလို့ ဆိုပါတယ်။

“အခုက စစ်ကော်မရှင်ကလမ်းဟောင်း စပ်စီကနေ နတ်ရေကန်ကိုတက်နိုင်တဲ့ လမ်းကြောင်းပဲ ရှိပါတယ်၊ အခုလေကြောင်းနဲ့ ဆုံကုန်းအမြောက်တပ် မစခ ၉၀၅ က လက်နက်ကြီး ပစ်ကူတာပဲ ရှိတယ်၊ အခုက စစ်ကော်မရှင်ဘက်က အမ်းကိုဝင်ချင်တာ၊ အင်အားမကြာခဏစုပြီး တက်တက်လာတာ၊ စပ်စီရွာကို မကျော်နိုင်ဘူး၊” လို့ တော်လှန်ရေးတပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဖိုက်တာစခန်းကုန်းကိုသိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေတွေကိုတော့ အာရက္ခတပ်တော် – AA က ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

ဒါ့အပြင် ဆားပေါက်ရွာ၊ ရွာသစ် တောင်ယာဘက်အခြမ်း နေရာတွေကို ဂျိုင်ရိုကော်ပတာ၊ Y12၊ MiG 29၊ SU 30 တွေနဲ့ နေ့စဥ်နီးပါး ဗုံးကြဲ တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ဖဲမြို့နယ်အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) ရဲ့ အဓိကခံစစ်စခန်းဖြစ်တဲ့ နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းမှာလည်း အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။

စက်တင်ဘာလကုန်ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တဲ့ နတ်ရေကန်တောင်ကာကင်း ဂုတ်ကြီးရွာစခန်းတိုက်ပွဲမှာလည်း စကခ ၁၇ လက်အောက် စစ်ကော်မရှင်တပ်သားတွေ အစုလိုက်ထွက်ပြေးနေကြတယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။