SNA ပူးပေါင်းတပ်ထိုးစစ် ဗန်းမောက်မြို့ ၁ မိုင်အကွာထိရောက်လာပြီး မြို့အနီးက ရွာ ၆ ရွာကို လက်လွှတ်ခဲ့ရ

0 13
0 13

မြေလတ်အသံ၊ အောက်တိုဘာ ၁၀၊ ၂၀၂၅။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ ရှမ်းနီအမျိုးသားတပ်-SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ မြို့နဲ့ ၁ မိုင်အကွာကို ရောက်ရှိလာနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မြို့ကိုစွန့်ခွာသွားပြီးနောက် စက်တင်ဘာ ၂၇ ရက်က စတင်ကာ SNAပူးပေါင်းတပ်တွေက အင်အား ၂၀၀ နီးပါးနဲ့ ဗန်းမောက်မြို့နဲ့အနီးက တော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၀ ရက် ဒီကနေ့နေ့လယ်အထိ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

” ကြောင်လည်ရွာနားမှာ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေတယ်။ အဲ့ရွာကကိုယ့်ဘက်က ထိန်းချုပ်ထားတာ။ အခုလည်း ထိန်းထားတုန်းပဲ။ လက်နက်ကြီး၊ ဒရုန်းတွေတော်တော်ကိုသုံးပြီး ပစ်နေတာ SNA ဘက်က” လို့ မြေပြင်အခြေအနေကိုသိရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ကြောင်လည်ရွာဟာ ဗန်းမောက်မြို့နဲ့ ၁မိုင်ကျော်အကွာမှာရှိပြီး SNA ပူး ပေါင်းတပ်တွေရဲ့တကျော့ပြန်ထိုးစစ်ကာလ ၁၄ ရက်တာအတွင်း ဗန်းမောက်မြို့အနီးက တော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ညောင်သာယာ၊ ခမိုး၊ အလယ်ရွာ၊ ရွှေကျောင်း၊ ခိုပြင်၊ ကံရွာတွေကို ပြန်လည်လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

” လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေကို မခံနိုင်လို့ ဆုတ်ပေးလိုက်ရတာ”လို့ သူကဆက်ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်ကစတင်ကာ SNAနဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ကချင်လွတ်မြောက်ရေးတပ်-KIA၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ ၆ ရက်အကြာ စက်တင်ဘာ ၂၁ ရက်မှာ စစ်ကော်မရှင်တပ်တွေ ဗန်းမောက်ကနေ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် မြို့ကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

ဆုတ်ခွာသွားတဲ့ SNAပူးပေါင်းတပ်တွေဟာ အင်အားပြန်လည်စုဖွဲ့ပြီး စက်တင်ဘာ ၂၇ ရက်ကစတင်​ကာ လက်ရှိအထိ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

ဗန်းမောက်မြို့နဲ့အနီးတဝိုက်စစ်ကော်မရှင်တပ်စခန်းတွေမှာ ရှမ်းနီအမျိုးသားတပ်-SNAရဲ့ဗျူဟာမှူး ရဉ်ထွန်း ဦးစီးတဲ့ တပ်မဟာ ၆၁၄ နဲ့ ၉၇၂၊ ရှေ့တန်းတပ်မ ၇၇ လက်အောက်တပ်တွေ၊ ရဲတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအင်အား ၄၀၀ ခန့်က စုဖွဲ့တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း SNA ဗိုလ်အဆင့် ၁ ဦးအပါ စစ်တပ်ဘက်တော်သား ၆ ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၅ လက်၊ ကျည်မျိုးစုံ ၁၃,၀၀၀ ကျော် ၊ ၁၂၀ မမ ဗုံးသီးအပါ ဗုံးသီးမျိုးစုံအလုံး ၃၀၀ ကျော် ၊ နင်းမိုင်း ၃လုံး၊ တိုက်မိုင်းမျိုးစုံ ၂၀ လုံး၊ ဖိုက်ဘာမိုင်း ၇လုံး၊ ကျည်အိမ်မျိုးစုံ ၂၉ ခုနဲ့အခြားဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဖော်ပြထားပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။