ရွှေကျင်က NLD အမတ်ရဲ့သား အိမ်ကို စစ်ကောင်စီရောင်းစား

0 1
0 1

ရွှေကျင်၊ ဧပြီ ၆၊ ၂၀၂၃။

ပဲခူးတိုင်း၊ ရွှေကျင်မြို့က NLD တိုင်းဒေသကြီးအမတ် ဒေါ်လှလှဝင်းရဲ့သား ပိုင်ဆိုင်တဲ့ အိမ်နဲ့ခြံကို စစ်ကောင်စီက ရောင်းခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့၊ ကျွဲတဲကွက်သစ်၊ ငုရွှေဝါလမ်းက ပေ ၄၀ × ၆၀ ခြံမြေနဲ့ အိမ်အမှတ် ၆၃၃ တထပ်အိမ်ကို ကျပ်သိန်း ၁၂၀ နဲ့ ရွှေကျင်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးအေးချမ်းအောင်က ရောင်းစားခဲ့တာလို့ ဒေါ်လှလှဝင်းက မြေလတ်အသံကို ပြောပါတယ်။

“အခုနှစ် ဧပြီလ ၃ ရက်နေ့ကမှ ကျမသားအိမ်ကို ဝယ်တဲ့သူက အိမ်သာလာပြင်တာကို သိတဲ့လူကမေးရင်း ဝယ်လိုက်ပြီလို့ သိရတာ။ သိန်း ၁၂၀ နဲ့ ရောင်းတာကို သိန်း ၈၀ ပေးပြီးပြီ။ သိန်း ၄၀ ကျန်တယ်လို့ သိရတယ်။ အိမ်ထဲက ပရိဘောဂတွေကိုရော ရောင်းစားတာပါ။ ဗိုလ်မှူးအေးချမ်းအောင် ခွင့်ပြုတာလို့ သိရတယ်” လို့ ပြောပါတယ်။

အဲ့ဒီအိမ်မှာ လူနေထိုင်ခြင်းမရှိသလို သားဖြစ်သူဟာလည်း နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ သိရပါတယ်။

ရွှေကျင်မြို့နယ် စစ်ကောင်စီဝင် ဗိုလ်မှူးအေးချမ်းအောင် ကြံရာပါ တပ်ပြေးဗိုလ်ပြည့်စုံသူနဲ့ဇနီး NON-CDM ဆရာမ ကျော့ကျော့မြင့်မိုရ်တို့က ချိတ်ပိတ်ထားတဲ့ ဒေါ်လှလှဝင်း နေအိမ်ထဲဝင်ကာ အခုရောင်းခဲ့တဲ့ အိမ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဝင်ယူပြီးမှ ရောင်းခဲ့တာလို့ သိရကြောင်း သူကဆက်ပြောပါတယ်။

လက်ရှိမှာ ဒေါ်လှလှဝင်း ပိုင်ဆိုင်တဲ့ ရွှေကျင်မြို့ ရှမ်းကြေးရပ်ကွက်၊ ရုံးလမ်း အိမ်အမှတ် ၈၇ က အိမ်နဲ့ခြံကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ထားကာ သူ့ကိုလည်း သဘာဝဘေးစီမံမှု၊ ရွေးကောက်ပွဲမှာ တပ်မတော်ကို မတရားပြောဆိုမှု၊ ၅၀၅(က)၊ ၅၀ ည၊ ထွက်ပြေးတိမ်းရှောင်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒေါ်လှလှဝင်းဟာ ရွှေကျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ၂၀၁၅နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ရွှေကျင်မြို့နယ် တိုင်းဒေသကြီး ၂ လွှတ်တော်အမတ်တဦးလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။