မြေလတ်အသံ၊ စက်တင်ဘာ ၂၇၊ ၂၀၂၅။
ရေးသားသူ – အောင်စိုး(မြောက်ဦး)
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ ဗန်းမောက်မြို့တခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်က ၆ ရက်နဲ့တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ဧပြီလအတွင်းက NUG ၊ PDF တပ်တွေ နောက်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဗန်းမောက်နဲ့ကပ်လျက်က အင်းတော်မြို့သိမ်းတိုက်ပွဲတွေလောက် ပြင်းထန်မှုမရှိခဲ့သလို မြန်မြန်ဆန်ဆန်ပဲ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာပါ။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ်လက စတင်ခဲ့ပြီး မြို့ကိုတော ယခုနှစ် ဧပြီလမှသာ ၈ လကြာတိုက်ခိုက်ခဲ့ရပြီးမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲကာလ ၈ လ အတွင်းမှာလည်း အင်းတော်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲပေါင်းအမြောက်အမြားဖြစ်ခဲ့ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတာပါ။
မကြာသေးခင်က ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာတော့ မြို့ကို ၆ ရက်နဲ့သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီလို မြန်မြန်ဆန်ဆန်သိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကော်မရှင်တပ်ရဲ့ တွက်ချက်မှုမှားယွင်းခဲ့တဲ့အပေါ် တော်လှန်ရေးတပ်တွေက အခွင့်ကောင်းယူနိုင်ခဲ့တာလို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ် ၂ ဦးထက်မနည်းက ပြောဆိုပါတယ်။
၆ ရက်သာကြာတဲ့ မြို့သိမ်းတိုက်ပွဲ
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာလ ၁၅ ရက်မှာစတင်ခဲ့ပြီး ၆ ရက်အကြာ စက်တင်ဘာ ၂၁မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
တိုင်းလျှမ်(ခေါ်)ရှမ်းနီ ၊ ကနန်း၊ ကဒူးလူမျိုးတွေအများဆုံးနေထိုင်ကြတဲ့ အဲ့ဒီဗန်းမောက်မြို့မှာ စစ်ကော်မရှင်တပ်ရဲ့အခြေစိုက်တပ်ရင်းမရှိပေမယ့် စစ်တပ်ရဲ့မိတ်ဖက် ရှမ်းနီအမျိုးသားတပ်-SNA က အဓိကထိန်းချုပ်ထားပါတယ်။
ဗန်းမောက်မြို့ပေါ်မှာ SNA တပ်ရဲ့ တပ်မဟာ ၆၁၄ ၊ ၉၇၂ ၊ စစ်ကော်မရှင်တပ်ရဲ့ ရှေ့တန်းတပ်မ ၇၇ တပ်တချို့၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ကျော်ဟာ မြို့ပေါ်နဲ့အနီးစခန်းနေရာ ၁၈ ခုနဲ့ တပ်စွဲအထိုင်ချထားပြီး အဲ့ဒီထဲက ဗျူဟာကုန်း၊ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နတလ)၊ မြို့မရဲစခန်းတွေမှာ အင်အား ၁၀၀ ခန့်စီနဲ့ အများဆုံးထားရှိပြီး ခုခံခဲ့တာလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲ့ဒီ SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်အင်အား ၄၀၀ ကျော်ကို SNA ဗျူဟာမှူး ရဉ်ထွန်း က ဦးစီးတာပါ။
တိုက်ပွဲစတင်တဲ့ စက်တင်ဘာ ၁၅ ရက် မနက် ၁၀ နာရီကျော်မှာ ဗန်းမောက်မြို့ပေါ်က စစ်ကော်မရှင်တပ်စခန်းတွေအနက် မြို့အစွန်ရှိ ကာကင်းစခန်းတာဝါတိုင်ကုန်းနဲ့ အောင်ကမ္ဘာသိန်း KTV စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့အတူ မြို့သိမ်းတိုက်ပွဲကို စတင်ကြေညာတိုက်ခိုက်ခဲ့တာလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဒီဘက်က ကျနော်တို့ ထိုးစစ်ဆင်တော့ အတင်းမခုခံဘူး၊ ခံပစ်ပြီး ပစ်ဆုတ်သွားတာပေါ့။ ဒီဘက်မှာလည်း ဂူထဲအောင်းနေတဲ့ ခြင်္သေ့ကိုတောင် အပြုတ်ဖြုတ်ခဲ့တဲ့ တပ်မ ၇၇ရှေ့တန်းဌာနချုပ်အခြေစိုက်တဲ့ အင်းတော်မြို့ကို သိမ်းပိုက်ထားတာဆိုတော့ ရှိန်တာလည်းပါမယ်။ သူတို့ ဗျူဟာပြန်ဆွဲချင်လို့လည်း ပါတယ်။ ဒါကြောင့် မြန်မြန်ဆုတ်သွားတာပေါ့” လို့ သူက ပြောပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ စစ်ကူပေးတိုက်ခိုက်ခဲ့သလို ကြောင်လည်ရွာစခန်းကုန်းကလည်း ဗန်းမောက်မြို့ကို ကား ၁ စီးနဲ့ စစ်ကူစစ်ကြောင်းပို့ဆောင်ခဲ့တယ်လို့ အမှတ် – ၁ စစ်ဒေသက စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီစစ်ကူစစ်ကြောင်းကားကိုလည်း တော်လှန်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်ပြီး ကားကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ငယ် ၅ လက်၊ ကျည်မျိုးစုံ ၁၃,၀၀၀ ကျော် ၊ ၁၂၀ မမ ဗုံးသီးအပါ ဗုံးသီးမျိုးစုံအလုံး ၃၀၀ ကျော် ၊၊ နင်းမိုင်း ၃လုံး၊ တိုက်မိုင်းမျိုးစုံ ၂၀ လုံး၊ ဖိုက်ဘာမိုင်း ၇လုံး၊ ကျည်အိမ်မျိုးစုံ ၂၉ ခုနဲ့အခြားဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်း ရှမ်းနီအမျိုးသားတပ်မတော်-SNA မှ ဗိုလ် ၁ ဦးအပါ ၆ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်မှုမှာ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
မြို့ကို ဆုတ်ခွာလက်လွှတ်လိုက်ပြီးတဲ့နောက် SNA နဲ့စစ်ကော်မရှင်တပ်တွေဟာ စက်တင်ဘာ ၂၂ ရက် မှာ ဗန်းမောက်မြို့ဝန်းကျင်ကနေ ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတွေမှာ ကာကင်းထိုင်ထားပြီး အများစုကတော့ မြို့မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနဲ့ အနောက်တောရွာကို ဆုတ်ခွာပူးပေါင်းသွားခဲ့တယ်လို့ သိရပါတယ်။
အတွက်မှားခဲ့တဲ့ စစ်ကော်မရှင်တပ်
ကသာခရိုင်အတွင်းမှာ ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ကသာစတဲ့ မြို့ ၄ ခုက နယ်နိမိတ်ဆက်စပ်တည်ရှိနေပြီး အဲဒီထဲက အင်းတော်နဲ့ မော်လူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက် PDF တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားကာ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ ကသာနဲ့ဗန်းမောက်မြို့ဟာ အင်းတော်မြို့ရဲ့ ဘယ်၊ညာတဖက်တချက်ဆီမှာ တည်ရှိတာပါ။
အဲ့ဒီမြို့ ၂ ခုအနက် PDF တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့နဲ့ မိုင် ၃၀ ကျော်အကွာအဝေးရှိတဲ့ ဗန်းမောက်မြို့ထက် ၁၀ မိုင်ခန့်အကွာမှာရှိပြီး ပိုမိုနီးကပ်တဲ့ ကသာမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဦးစွာတိုက်ခိုက်သိမ်းပိုက်လာနိုင်တယ်လို့ စစ်ကော်မရှင်တပ်ကယူဆခဲ့ပုံပေါ်ကြောင်း မြေပြင်အခြေအနေတွေကိုသိရှိတဲ့ ကသာပကဖနဲ့နီးစပ်သူတဦးက ပြောပါတယ်။
အဲ့ဒီယူဆချက်ကြောင့် အင်းတော်မြို့တိုက်ခိုက်ခံရပြီးချိန် ဧပြီလအတွင်းမှာ ဗန်းမောက်မြို့ပေါ်မှာမူလကရှိနေတဲ့ တပ်မ ၇၇ လက်အောက်စစ်အင်အား ၁၀၀ ကျော်ကို ကသာမြို့ဆီ လေကြောင်းကတဆင့် ပြောင်းရွှေ့ပို့ဆောင်ခဲ့ပြီး ဗန်းမောက်မြို့ပေါ်မှာ စစ်ကော်မရှင်တပ် အင်အားတချို့ကိုသာချန်ခဲ့ကာ SNA တပ်တွေနဲ့ ပူးပေါင်းထားရှိခဲ့တယ်လို့ ဆိုပါတယ်။
” သူတို့က ကသာကို အရင်သိမ်းမယ်ထင်ပြီးတော့ ဗန်းမောက်ကလူတွေကို ဟတ်စကီး(ရဟတ်ယာဥ်)နဲ့ ကသာကို သွားပို့ထားတယ်။ အဲ့တော့ ဗန်းမောက်မှာ လူအင်အားနည်းသွားတယ်။ SNAတွေက စကစလို မဟုတ်ဘူး။ သူတို့က ဇ မရှိဘူး။ သူတို့မှာက ပေါ်တာဆွဲထားတဲ့လူငယ်တွေ များတယ်” လို့ သူက ရှင်းပြပါတယ်။
အဲ့ဒီနောက် စစ်ကော်မရှင်တပ်အင်အားနည်းပါးသွားတဲ့ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက အခွင့်ကောင်းယူကာ ၄ လကျော်အကြာ စက်တင်ဘာ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ည ၉ နာရီခန့်မှာ SNA ဦးဆောင်တဲ့တပ်တွေအားလုံး မြို့တွင်းစခန်းတွေကနေ ဆုတ်ခွာထွက် ပြေးသွားခဲ့လို့ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဗန်းမောက်မြို့ကို အလုံးစုံးထိန်းချုပ်နိုင်ခဲ့တာပါ။
SNAတပ်အနေနဲ့ ဗန်းမောက်တိုက်ပွဲမှာ အဓမ္မစစ်မှုထမ်းစုဆောင်းထားတဲ့ ရှမ်းနီလူငယ်တွေနဲ့ အဓိကထား တိုက်ခိုက်ခဲ့တာတွေကြောင့် တိုက်ပွဲအတွေ့အကြုံနည်းတဲ့ ရှမ်းနီတပ်သားတွေဟာ ထိုးစစ်ကိုမခုခံနိုင်ဘဲ မြို့သိမ်းတိုက်ပွဲမြန်ဆန်ခဲ့တာလို့ ဆိုပါတယ်။
CDM တပ်မတော်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာကာကွယ်ရေးနဲ့လုံခြုံရေး – MDSI အဖွဲ့ဝင် ဗိုလ်ကြီး ဇင်ယော် ကလည်း အတွက်မှားခဲ့တဲ့ စစ်ကော်မရှင်တပ်အနေနဲ့ ဗန်းမောက်မြို့ရဲ့စစ်အင်အားကိုအနည်းဆုံးအခြေအနေနဲ့ ရှမ်းနီတပ်လက်ထဲလွှတ်ထားခဲ့တာကြောင့် လေကြောင်းပစ်ကူတွေနဲ့ ခုခံခဲ့ပေမယ့် အခုလိုမြန်မြန်ဆန်ဆန် လက်လွှတ်လိုက်ရတာလို့ သုံးသပ်ပါတယ်။
” ရှမ်းနီပြည်သူ့စစ်က တကယ့်တကယ်တိုက်လာတဲ့အခြေအနေမှာ အနာခံပြီးမတိုက်ဘူး။ အလကားတော့ အသေမခံဘူး။ ရှမ်းနီလူမျိုး၊ ကဒူးလူမျိုးတွေကို တိုက်တာမဟုတ်ဘူးပေါ့နော်။ စစ်တပ်ကနေ သေနတ်ပေးထားလို့ တိုက်တယ်ဆိုတဲ့အနေအထားမျိုးဆိုတာကို သူတို့လည်းသိတယ်။ ဒါကြောင့်မို့ ဆုတ်သွားတဲ့အချိန်မှာ နောက်ကနေလိုက်ပြီး ထပ်ချပ်တိုက်တဲ့အနေအထားမျိုးလည်း မရှိဘူး” လို့ ပြောပါတယ်။
သိမ်းပိုက်ပြီးနောက် ဗန်းမောက်မြို့အခြေအနေ
ဗန်းမောက်မြို့ပေါ်မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ၃ ခုရှိပြီး လူဦးရေ ၆,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲစတင်ပြီ နောက်တရက် စက်တင်ဘာ ၁၆ မှာ စစ်ကော်မရှင်တပ်၊ ရဲ၊ ပျူစောထီး ၊SNA မိသားစုဝင်တွေနဲ့ Non- CDM ဝန်ထမ်း၂၀၀ကျော်ကို SNA စိုးမိုးထားတဲ့ ဗန်းမောက်မြို့နယ်အနောက်ခြမ်းကို ပို့ဆောင်ရွှေ့ပြောင်းခဲ့ပါတယ်။
အဲ့ဒီနောက် SNA ဘက်က မြို့တွင်းကျန်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေကို မြို့ပြင်ထွက်ခွင့်ပိတ်လိုက်ကာ တိုက်ပွဲအတွင်း ပိတ်လှောင်ထားခဲ့တာပါ။
မြို့ကိုသိမ်းပိုက်ရရှိခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှသာ ပိတ်မိနေတဲ့ ပြည်သူ ၅,၀၀၀ ကျော်ကို တော်လှန်ရေးတပ်တွေက ကယ်ထုတ်ပြီး ကူညီရွှေ့ပြောင်းပေးနိုင်ခဲ့လို ပြည်သူထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ ဗန်းမောက်မြို့နယ်ပအဖနဲ့နီးစပ်သူတဦးက ပြောပါတယ်။
” ဒါကတော့ ဗန်းမောက်အုပ်ချုပ်ရေးက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြပါတယ်။ မြို့ပေါ်မှာတော့ လေကြောင်းရန်စိုးရိမ်ရလို့ နေခွင့်မပြုသေးဘူး” လို့ သူကဆိုပါတယ်။
ဗန်းမောက်မြို့ကိုမသိမ်းပိုက်မီကတည်းက NUGအစိုးရဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြို့နယ်ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းတွေကို ထိန်းချုပ်စိုးမိုးကာအုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတာဖြစ်ပြီး လက်ရှိမြို့ကိုတော့ မြို့နယ်ပအဖထံမလွှဲပြောင်းသေးဘဲ ပူးပေါင်းတပ်တွေက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ အမှတ် ၁ စစ်ဒေသစစ်ဆင်ရေးမှူး၊ ကသာခရိုင် ကွပ်ကဲရေး မှူးဦးစီးပြီး ကသာခရိုင်အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တပ်ရင်း၊ ကသာခရိုင်ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့ နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် ၁ စစ်ဒေသ NCO သင်တန်းဆင်းစစ်ကြောင်း ၁၊ ၂၊ အထူးလှုပ်ရှားတပ်ရင်းများ၊ အမှတ် ၁ လက်နက်ကြီးတပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၄၊ MOD အ မှတ် ၁ စစ်ဒေသ၊ ကသာခရိုင်ပကဖ) အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ လက်အောက် PDF တွေဟာ စစ်ကိုင်းအထက်ပိုင်းမှာ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေးမြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဗန်းမောက်မြို့ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် တော်လှန်ရေးတပ်တွေထိန်းချုပ်နိုင်တဲ့ ၇ ခုမြောက်မြို့ဖြစ်လာခဲ့ပါတယ်။
စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကို ထိစပ်နေတဲ့ ကသာခရိုင်မှာ အင်းတော်၊ မော်လူး၊ ဗန်းမောက် မြို့တွေကို သိမ်းပိုက်ထားနိုင်တာကြောင့် ခရိုင်မြို့ဖြစ်တဲ့ ကသာမြို့တခုသာ သိမ်းပိုက်ဖို့ကျန်ရှိတော့တာပါ။
ဗန်းမောက်မြို့ဟာ ကချင်ပြည်နယ်ထွက်ပေါက် စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိလို့ စစ်ကော်မရှင်တပ်အတွက်ရော တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ပါအရေးပါတဲ့မြို့ဖြစ်ကာ စစ်ကော်မရှင်တပ်အနေနဲ့ ဗန်းမောက်မြို့ကို လက်လွှတ်လိုက်ရတာကြောင့် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းကို ကူးလူးဆက်ဆံနေတဲ့ ဧရာဝတီမြစ်ဝှမ်းထွက်ပေါက်တခုလုံး ပိတ်ဆို့သွားခဲ့ပြီလို့ ဗိုလ်ကြီး ဇင်ယော်က အခုလို ရှင်းပြပါတယ်။
“လူနဲ့ပြောရမယ်ဆိုရင်တော့ မေးစိနဲ့လည်ပင်းဆက်စပ်တဲ့နေရာမှာ စစ်တပ်အတွက် ကျန်နေတဲ့ ထွက်ပေါက်တပေါက်ပေါ့။ ဧရာဝတီမြစ်ဝလွင်ပြင်မှာ အင်းတော်၊ နန့်စီးအောင်၊ ပင်လည်ဘူး အဲဒီနေရာတွေကို ထိန်းချုပ်ထားပြီးသားဖြစ်တဲ့အတွက် စစ်တပ်ဟာ ခေါင်းနဲ့ကိုယ်နဲ့ လည်ပင်းပိုင်းနေရာကိုလွတ်သွားပြီ။ အခု ဗန်းမောက် ကိုပါ တော်လှန်ရေးအင်အားစုတွေက ရသွားပြီဆိုတော့ စစ်ကောင်စီအတွက် ခေါင်းနဲ့ကိုယ်နဲ့ လုံးဝပြတ်သွားတဲ့ အနေအထားမျိုး”