စစ်တပ်ကတပ်လာစွဲလို့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားမှာနေထိုင်တဲ့ နှစ်ရှည်စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေရ

0 6
0 6

ဘုရားစျေးဆိုင်တန်းက အမျိုးသမီးတွေကိုလည်း နှောင့်ယှက်မှုတွေလုပ်နေ

မုံရွာ၊ စက်တင်ဘာ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရားထဲမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကြောင့် ဘုရားဝန်းမှာတည်းခိုနေတဲ့ စစ်ဘေးရှောင်တွေထပ်မံတိမ်းရှောင်နေရပြီး ဘုရားအနီးစျေးဆိုင်တန်း ကအမျိုးသမီးတွေလည်းနှောင့်ယှက်မှုတွေခံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တပ်စွဲထားတာ ရက်ရှည်လာတာနဲ့အမျှ ဘုရားဝန်းအတွင်း အဝင်အထွက်တင်းတင်းကျပ်ကျပ် စစ်ဆေးလာတာ၊ စျေးဆိုင်တန်းတွေဘက် ကင်းပတ်တယ်ဆိုကာ မူးပြီးအမျိုးသမီးစျေးသည်တွေကို နှောင့်ယှက်တာတွေ ပြုလုပ်နေတာကြောင့် ဘုရားဝန်းအတွင်း နေထိုင်သူတွေလုံခြုံမှုမရှိ ဖြစ်နေ တယ်လို့ ဒေသခံအမျိုးသမီးတဦးဆီက သိရပါတယ်။

“အဲ့ဒီထဲက ၃၊ ၄ ယောက်ကပေါ့နော်၊ အဲ့ဒီပတ်ချာလည်က စျေးဆိုင်တန်းက စျေးဆိုင်က အမျိုးသမီးတွေကို ရိသဲ့သဲ့လုပ်တယ်၊ အဲ့ဒီတော့ကျ အတွင်းထဲမှာနေတဲ့ သူတွေကလည်း မလုံခြုံတော့ဘူးဆိုပြီး တွေးတာပေါ့နော်။” လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်ကစပြီး စစ်ကော်မရှင်တပ်သား အင်အား ၃၀ ကျော်နဲ့ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝန်းထဲမှာစတင်တပ်စွဲခဲ့တာဖြစ်ပြီး ဆင်ကြီးနှစ်ကောင်အဝင်ပေါက်မှာ ဘန်ကာနဲ့ ကတုတ်ကျင်းတွေတူးပြီး အခိုင်အမာနေရာယူထားတယ်လို့ ဆိုပါတယ်။

တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မိုးညှင်းသမ္ဗုဒ္ဓေဆရာတော်ကြီးက အကြမ်းဖက်မှုတွေ မပြုလုပ်ဖို့ တောင်းပန်ထားတာကြောင့် အစောပိုင်းရက်တွေမှာငြိမ်နေခဲ့ပေမယ့် အမျိုးသမီးဆောင်တွေ နဲ့ သီလရှင်အဆောင်တွေဘက်အထိ ကင်းပတ်တာမျိုးတွေရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတဦးဆီက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာတော့ ဆင်ကြီးနှစ်ကောင် အဝင်ပေါက်ကိုထွက်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် တချို့ထွက်ကာ လမ်းသွားကုန်တင်ကားနဲ့ ဆိုဒ်တွဲတွေကို ငွေတောင်းခံတာမျိုးတွေ ပြုလုပ်နေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

“ဆင်ကြီးပေါက်ကနေထွက်ပြီး ကားတွေကို ပိုက်ဆံတောင်းတယ်၊ တခါ ကင်းပတ်တာဆိုပြီးတော့ ဘုရားရဲ့ အပြင်ဘက်မှာ စန္ဒသိင်္ဂီမယ်သီလကျောင်းဘက်လည်း ကင်းပတ်တယ်ဆိုပြီးတော့ ရောက်တယ်။”လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်း ဘုရားဝန်းအတွင်း စတင်ဝင်ရောက်တဲ့ စက်တင်ဘာ ၂၁ ရက်ကတည်းက နှစ်နဲ့ ချီပြီးနေထိုင်လာတဲ့ ဘုရားဝန်းအတွင်း သက္ကယ်ကျင်း၊ ကျပိုင်၊ နဂါးတွင်း၊ ညောင်ဖြူပင် စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ ထပ်မံတိမ်းရှောင်နေကြရတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဆေးမှုတွေပိုမိုတင်းကျပ်လာကာ အမျိုးသမီးတွေကို နှောင့်ယှက်မှုပြုလုပ်လာတဲ့ စက်တင်ဘာ ၂၅ ရက်ကစလို့ ယခင်စစ်ဘေးရှောင် ၅၀၀ ကျော်နေထိုင်တဲ့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားထဲမှာ သက်ကြီးပိုင်း စစ်ဘေးရှောင်ဦးရေဆယ်ဂဏန်းသာကျန်တော့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။