AA နဲ့ တိုက်ပွဲဖြစ်နေတဲ့ နတ်ရေကန်တောင်စခန်းအနီးကို လေကြောင်းကနေ ဗုံးအလုံး ၂ ဒါဇင်ကျော်ကြဲချ

0 30
0 30

ငဖဲ၊ စက်တင်ဘာ ၂၃၊ ၂၀၂၅။

အာရက္ခတပ်တော်-AA နဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင်ကြောတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးအလုံး ၃၀ နီးပါးကြဲချတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၃ ရက် ဒီကနေ့ မနက် ၁၁ နာရီမှာ တိုက်လေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံး၊ Y 12 လေယာဥ်နဲ့ ဗုံးအလုံး ၂၀ ကျော်ကို မိနစ်ပိုင်းသာခြားပြီး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” နတ်ရေကန်တောင်ဘက်က ကော်ဖီခြံဘက်တွေ မြိုင်၊ လှိုင်ဘက် တို့ကို ၁ ခါကြဲရင် ၃ လုံးကြဲချတာ၊ နတ်ရေကန်ကြောနားမှာက အရှိုချင်းရွာတွေရှိတယ်။ ဒေသခံတွေ တောင်ယာလုပ်ကိုင်စားတဲ့ စိုက်ပျိုးရေးခြံ၊ ကော်ဖီခြံတွေရှိတယ်” ငဖဲဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရက္ခိုင်ရိုးမပေါ် မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်နယ်အစပ်ရှိ နတ်ရေကန်တောင်စစ်ကောင်စီစခန်းဟာ ဗျူဟာစခန်းကြီးဖြစ်ပြီး အဲ့ဒီစခန်းနဲ့အနီးတဝိုက်ကို အာရက္ခတပ်တော်-AA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စခန်းမကျရှုံးရေး စစ်ကော်မရှင်တပ်ကလည်း အင်အားအလုံးအရင်းနဲ့ မြေပြင်၊ ဝေဟင်ကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

” နတ်ရေကန်စခန်းကြီးမကျရေးအတွက် ကာနေတာ၊ စစ်ကော်မရှင်ဘက်က အတုံးအရုံးသေဆုံးတာများတယ်။ နတ်ရေကန်တောင်ကြောက ကမ္ဘာလုံးစခန်းရဲ့ပတ်ပတ်လည်မှာက AAနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ပွဲက နေ့ကော ညကော ဖြစ်နေတာ၊ နားတဲ့ရက်ဆိုတာ မရှိဘူး” လို့ အထက်ပါဒေသခံ ပြောပါတယ်။

နတ်ရေကန်တောင်ဗျူဟာစခန်းကုန်းမှာ စစ်ကော်မရှင်တပ်က တပ်မ ၉၉ နဲ့ စကခ ၁၇ လက်အောက် တပ်ရင်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာပထမပတ်အတွင်း ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးကို ထိုးစစ်ဆင်လာတဲ့ စကခ ၁၇ စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆၀ ထက်မနည်းသေဆုံးကာ တပ်လန်ပြန်ဆုတ်ခွာသွားရတယ်လို့ အာရက္ခတပ်တော်-AA က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်နဲ့အနီးတဝိုက်မှာ AA ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အရာရှိအဆင့်တွေအပါ ထိခိုက်သေဆုံးမှုများပြားနေကာ စွန်တက်ရွာအနီး တိုက်ခိုက်ခံရတာကြောင့် စကခ ၁၇ လက် အောက် ခမရ ၅၂၅ တပ်ရင်းမှူးအပါ ၅၀ ကျော် ထွက်ပြေးနေတယ်လို့ စက်တင်ဘာ ၉ ရက်မှာ မင်းဘူးခရိုင်တပ်ရင်း ၂ ထံ ဘက်ပြောင်းခိုလှုံလာတဲ့ ခမရ ၅၂၀ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းစစ်ကော်မရှင်တပ်သားတွေကလည်း ပြောဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နတ်ရေကန်တောင်ဘက်ခြမ်း အိမ်ခြေ ၆၀ ကနေ ၂၀၀ ကြားရှိ ဘုံးဘော၊ စရံ၊ ပပွေး၊ စွန်တက်၊ လင်းတဲ၊ ဝက်စားကျင်း၊ ပစီ၊ လိုင်ရွာ၊ နောင်ရွာ၊ တင်ပြင်း၊ ပန်းပဲ၊ ဝန်ရွာ၊ ဇင်ပြွန်း၊ မကျီးကုန်း စတဲ့ရွာတွေက ဒေသခံ ၃ ထောင်နီးပါး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။