◼ သေနတ် ၄ လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရရှိ
မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ SNA ဗိုလ် ၁ ဦး၊ တပ်သား ၆ ဦးသေဆုံးခဲ့သလို PDF ဘက်ကလည်း တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသက စက်တင်ဘာ ၂၂ ရက်ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်ကစတင်ခဲ့ပြီးနောက် ၆ ရက်အကြာစက်တင်ဘာ ၂၀ ရက်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဗန်းမောက်မြို့မှာ ရှမ်းနီအမျိုးသား တပ်မတော်-SNA ရဲ့ ဗျူဟာမှူး ရဉ်ထွန်းဦးစီးတဲ့ တပ်မဟာ ၆၁၄ နဲ့ ၉၇၂၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ခန့်တို့ အသီးသီးနေရာယူတပ်စွဲထားတဲ့ စခန်းနေရာ ၁၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့ပေါ်တခုလုံးကို KIA၊ PDF ပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
သိမ်းဆည်းရရှိခဲ့တဲ့ပစ္စည်းတွေဟာ G-3 ၂လက်၊ Uzi ၁ လက်၊ AK ၁ လက်၊ ကျည်မျိုးစုံ ၁၂,၈၇၆ တောင့်၊ ၁၂၀ မမ ဗုံးသီး ၂၈ လုံး၊ ၈၁ မမ ဗုံးသီး ၇ လုံး၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ ၁၀၀ လုံး၊ RPG ၁ လုံး၊ မျက်ရည်ယို ဗုံးသီး ၈၃ လုံး၊ 9Volt ကျည် ၇၀၂ တောင့်၊ အီနာဂါဗုံးသီး ၅၁ လုံး၊ နင်းမိုင်း ၃ လုံး၊ တိုက်မိုင်းမျိုးစုံ ၂၀ လုံး၊ ဖိုက်ဘာမိုင်း ၇ လုံး၊ ၉ မမ ကာဘိုင်ကျည် ၁၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၉ ခုနဲ့အခြားဆက်စပ်ပစ္စည်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ တိုက်ခိုက်ရေးလေယာဥ်တွေနဲ့ ၁၀ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့သလို ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့ကို စစ်ကူလာတဲ့ ကား ၁ စီးပါစစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။



သိမ်းပိုက်ရရှိခဲ့တဲ့စခန်းတွေကတော့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နတလ) တို့ဖြစ်ကြပါတယ်။



စက်တင်ဘာ ၂၂ ရက်လက်ရှိမှာတော့ ဗန်းမောက်မြို့ဝန်းကျင်မှ SNA ပူးပေါင်းတပ်ဖွဲ့ တွေဟာ ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့သာယာကုန်းရွာတို့မှာ ကာကင်းထိုင်ထားပြီး အများစုကတော့ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနဲ့ အနောက်တောရွာကို ဆုတ်ခွာပူးပေါင်းသွားခဲ့တယ် လို့ သိရပါတယ်။


မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူး၊ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီးပြီး ကသာခရိုင် အမှတ်၁၊ ၂၊ ၃၊ ၄၊ ၅တပ်ရင်း၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်) အပါအဝင်မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
