ပဲခူးမှာ ၆ ဘီးကားကဝင်တိုက်လို့ လမ်းလုပ်သား ၁ ဦးသေဆုံး

0 11
0 11

ပဲခူး၊ စက်တင်ဘာ ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ တဲကြီးကုန်းကျေးရွာအနီး မြို့ရှောင်လမ်းပေါ်မှာ ၆ ဘီးကားက လမ်းလုပ်သားတွေကို ဝင်တိုက်မိပြီး ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ပဲခူးမြို့နေ ယာဉ်မောင်းဦးကျော်သူနဲ့ အမျိုးသား ၇ ဦးလိုက်ပါလာတဲ့ HINO RANGER ၆ ဘီးကားဟာ မိုင်တိုင်အမှတ် ၃၆/၁ နဲ့ ၃၆/၂ အကြား တံတား အမှတ် ၄/၈ အရောက်မှာ ရွှေသံလွင်ကုမ္ပဏီက လမ်းလုပ်သားတွေကိုဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“မြို့ရှောင်လမ်းမှာ လမ်းပြင်နေတယ်။ ကားက စလစ်ဖြစ်ပြီးတော့ ထိုးချသွားတာ။ ကလေး ၂ ယောက် ထိသွားတယ်။ မျက်နှာ၊ လက်တွေ၊ ပေါင်တွေ ထိတဲ့သူထိကုန်တယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် လမ်းလုပ်သားတွေဖြစ်တဲ့ အသက် ၂၀ ကျော်အရွယ် မိုးကိုကို၊ အာကာနဲ့ ယာဥ်ပေါ်ပါ အမျိုးသား ၁ ဦးစုစုပေါင်း ၃ ဦးထိခိုက်ဒဏ်ရာရသွားကာ ထိခိုက်ဒဏ်ရာရသူတွေကို ပဲခူးဆေးရုံ ပို့ဆောင်ဆေးကုသနေချိန် မိုးကိုကိုမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကားက လမ်းလုပ်သားတွေကိုတိုက်မိပြီးနောက် တံတားအနီးက ရေမြောင်းထဲကိုထိုးကျသွားပြီး ယာဥ်မောင်းဖြစ်သူ ဦးကျော်သူကိုတော့ ပဲခူးရဲစခန်းမှာ လူသေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၇ ရက်ကလည်း ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ကုန်တင်ယာဥ် ၂ စီးတိုက်မိပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။