စစ်ကော်မရှင်တပ်နဲ့ပူးပေါင်းနေတဲ့ ရာအိမ်မှူး ၁ ဦးပစ်သတ်ခံရ

0 18
0 18

နတ်တလင်း၊ စက်တင်ဘာ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ စံကြီးလောင့်ကျေးရွာက ရာအိမ်မှူး ၁ ဦးနေအိမ်မှာပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Bamar Revolution Army – B.R.A ဆီကသိရပါတယ်။

ပစ်သတ်ခံရသူဟာ စံကြီးလောင့်ကျေးရွာ ရာအိမ်မှူး အသက် ၄၀ အရွယ် ဇော်မင်းနိုင်ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် ည ၉ နာရီခန့်က သူ့နေအိမ်မှာရှိနေချိန်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“ရွာလယ်ပိုင်းက သူ့အမေကြီးနေအိမ်မှာရှင်းခဲ့တာ။ ထွက်ပြေးဖို့လုပ်လို့ သေနတ်အရှည်နဲ့ ၇ ချက် ပစ်ခတ်ခဲ့တယ်။ သူ့အမေကြီးအိမ်မှာဆိုတော့ ဘာမှသိမ်းဆည်းရမိတာမရှိဘူး။ သူတို့အိမ်သားတွေ ရှိပေမယ့် ထိခိုက်မှုမရှိအောင်ဂရုစိုက်လုပ်ခဲ့ပါတယ်”လို့ Bamar Revolution Army- B.R.A တပ်ခွဲမှူး လကျာ်ကပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ရာအိမ်မှူး ဇော်မင်းနိုင်မှာ ဦးခေါင်း၊ ရင်ဘတ်မှာ ကျည်ထိဒဏ်ရာရပြီး ပစ်ခတ်ခံရတဲ့နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဇော်မင်းနိုင်ဟာ စစ်ကော်မရှင်တပ်သားတွေဆီ ဆက်ကြေးပေးပြီး ကျေးရွာမှာ လောင်းကစားဝိုင်းတွေပြုလုပ်တာ၊ စစ်မှုထမ်းကြေးကောက်ပေးတာ၊ စစ်ကော်မရှင်တပ်သားတွေ ကင်းထွက်ချိန်တွေမှာ လမ်းပြအဖြစ်လိုက်ပါလုပ်ဆောင်တာတွေရှိတာကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရာအိမ်မှူးကိုပစ်ခတ်ပြီးနောက် BRA အဖွဲ့ဝင်တွေပြန်ဆုတ်လာချိန် စံကြီးလောင့်ရွာရဲ့ တမိုင်ခန့်အကွာရှိ ဒမငယ်ရဲစခန်းဘက်ကနေ လက်နက်ငယ်ပစ်သံတွေကြားရပြီး ဒီပစ်ခတ်မှုဟာ တော်လှန်ရေးတပ်တွေကို ခြိမ်းခြောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ တပ်ခွဲမှူး လကျာ်ကခန့်မှန်းပါတယ်။

စက်တင်ဘာ ၁၇ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ရှားစီးဘိုးရွာအောက်စုနေ ရာအိမ်မှူး ဦးဖိုးကျော်ဆိုသူလည်း သူရဲ့နေအိမ်အနီးမှာ ပစ်သတ်ခံရပြီးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။