ထန်းကြီးရွာအခွန်ကောက်ဂိတ် ဆန္ဒပြခံရမှု ရွာပကဖ၊ဒေသခံနဲ့ PDF တွေကြား ဘာတွေဖြစ်ခဲ့လဲ

0 92
0 92

မြေလတ်အသံ၊ စက်တင်ဘာ ၁၄၊ ၂၀၂၅။

မြတ်၊ ကျော်စွာ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာအနီး ဒေသအခေါ် ရွှေဘို-မန္တလေးကွင်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ PDF အခွန်ကောက်ဂိတ်ရဲ့ ငွေကောက်ခံတာနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့အပြင် ဆန္ဒပြမှုမှာပါဝင်တဲ့ ဒေသခံ၊ ရွာပကဖတွေနဲ့ ဆန္ဒပြခံရတဲ့ PDF တပ်ဖွဲ့တွေအကြား အပြန်အလှန်ရိုက်နှက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံနဲ့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။

အခွန်ကောက်ဂိတ်ကို ရွှေဘိုခရိုင်တပ်ရင်းအမှတ် ၉၇၀၆ ဒေါင်းနီ PDF က ဖွင့်လှစ်ထားတာဖြစ်ပြီး စက်တင်ဘာ ၆ ရက်ကနေ ၉ ရက်အထိ ထန်းကြီးရွာပကဖ၊ ပအဖအဖွဲ့ဟောင်းတွေနဲ့ ရွာခံတွေပူးပေါင်းအင်အား ၁၀၀ ခန့်က အဲ့ဒီဂိတ်နဲ့ ဒေါင်းနီတပ်ဖွဲ့ကို ဆန္ဒပြခဲ့တာလို့ သိရပါတယ်။

“ ထန်းကြီးကို ဝင်တဲ့အခါကျတော့ အဲဒီဂိတ်က ကားတွေကို ၁ စီး ၁ သိန်းတောင်းတယ်ဗျ၊ သူတို့ တပ်ရန်ပုံငွေအတွက်ဆိုပြီးတော့။ ထန်းကြီးဆိုရင် ဝက်လက်မြို့ နယ်မှာ ကျတယ်၊ ဝက်လက်မြို့နယ်မှာကျတယ်ဆိုပေမယ့် ဝက်လက်မြို့နယ်ရဲ့မြို့နယ်ခွင့်ပြုချက်တွေဘာတွေလည်း မယူဘူးဗျာ။ ဒီတိုင်းပဲ သူတို့အလှူခံတယ်လို့ပြောပြီးတော့ အဲဒီလိုမျိုးတောင်းတာတွေ ရှိတယ်ဗျာ၊ ၁ စီးကို ၁သိန်းပေါ့။” လို့ ထန်းကြီး(တောင်)ရွာ ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရွာခံတွေဘက်က အခွန်ကောက်ဂိတ်ဆန္ဒပြမှုကို စက်တင်ဘာ ၆ ရက်မှာ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ထပ်မံဆန္ဒပြတဲ့ စက်တင်ဘာ ၉ ရက်မှာ ဆန္ဒပြသူတွေနဲ့ အကောက်ခွန်ဂိတ် PDF တပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန်ရိုက်နှက်ပစ်ခတ်မှုတွေဖြစ်ခဲ့ကာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၉ ရက် ဆန္ဒပြမှုဒုတိယနေ့မတိုင်ခင် စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ဒေါင်းနီ PDF တပ်ဖွဲ့ဝင် ၂ ဦးက ထန်းကြီးကျေးရွာအတွင်း အော်ဟစ်ဆဲဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် ။

စက်တင်ဘာ ၉ ရက်ညနေပိုင်း ဆန္ဒပြပွဲတွေပြီးဆုံးချိန် ၇ နာရီလောက်မှာ ထန်းကြီးရွာထဲ ဆိုင်ကယ်နဲ့ဝင်လာတဲ့ ဒေါင်းနီ PDF တပ်ဖွဲ့ဝင်၂ ဦးနဲ့ ဆန္ဒပြလူအုပ် ကျေးရွာအဝင်မှာတွေ့ဆုံပြီး ကျောင်းထိုင်ဆရာတော်အပါ ဆန္ဒပြလူအုပ်စုက PDF ၂ ဦးကို သတိလစ်တဲ့အထိ တားဆီးရိုက်နှက်ခဲ့ပြီး ပါလာတဲ့လက်နက်တွေကို သိမ်းယူထားလိုက်တာကနေ နှစ်ဖက်တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

အဲ့ဒီနောက် အခွန်ကောက်ဂိတ်မှာရှိနေတဲ့ နောက်ထပ် ဒေါင်းနီ PDF တပ်ဖွဲ့ဝင် ၆ ဦးကို ဆန္ဒပြသူတွေက ဖုန်းဆက်ထပ်မံခေါ်ခဲ့ပြီး၊ လိုက်လာတဲ့ PDF တွေကိုထန်းကြီးရွာခံဆန္ဒပြသူတွေက ကျေးရွာအဝင်မှာ အုပ်စုလိုက်ဝိုင်းရိုက်ကာ လူနဲ့လက်နက်တွေကို ဖမ်းဆီးလိုက်ပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရတဲ့ ဒေါင်းနီ PDF ၆ ဦးအနက် ၂ ဦးဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

“ သူတို့ (ဒေါင်းနီPDF)ကလည်း ရွာထဲကို အဝင်၊ ပြည်သူကလည်း ရွာပြင်ကိုအထွက်ပေါ့နော်၊ အဲဒီလိုဆုံပြီးတော့ ပြဿနာတက်ကြတာပေါ့၊ ပြဿနာတက်ကြတော့ ပြည်သူကနေမှ အဲဒီရဲဘော်တွေကို ဝိုင်းရိုက်တာ။” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

အထက်ပါဖြစ်စဉ်တွေဖြစ်ပွားပြီးနောက် လွတ်မြောက်ခဲ့တဲ့ PDF ၂ ဦးက ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်ရင်းကိုသတင်းပို့ခဲ့သလို PDF တွေကိုဖမ်းဆီးမှုမှာပါဝင်တဲ့ ထန်းကြီးရပ်ကျေးပကဖအဖွဲ့ဝင် ကိုရဲကို က ဒေါင်းနီတပ်ရင်းမှူး ဗိုလ်လက်ျာထံ ညှိနှိုင်းဖြေရှင်းဖို့ ဖုန်းဆက်ခေါ်ခဲ့တယ်လို့ ဒေါင်းနီတပ်ဖွဲ့ တပ်ရေးဗိုလ် ဗိုလ်လေးလုံးက ပြောပါတယ်။

ဖုန်းဆက်ခေါ်ဆိုတာကြောင့် ဗိုလ်လက်ျာ၊‌‌ ဒုတပ်ရင်းမှူး၊ ဗိုလ်လေးလုံးနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဟာ အခင်းဖြစ်နေရာကို ကားနဲ့သွားရောက်ခဲ့ပြီး ထန်းကြီးကျေးရွာအဝင်မှာ ရွာခံတွေက တပ်ရင်းမှူးလိုက် ပါလာတဲ့ကားကို သိမ်းဆည်းထားတဲ့သေနတ်တွေနဲ့ချိန်ကာ တားဆီးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

အဲဒီနောက် ကားကို ဝိုင်းခံထားရတဲ့ဒေါင်းနီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ပြီး ရွာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ လာရောက်တာဖြစ်ကြောင်းပြောဆိုခဲ့လို့ ဆန္ဒပြရွာခံတွေထဲကတချို့က တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့နေရာကိုလိုက်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

” အဲဒီမှာ ရဲဘော်တွေကို ဖမ်းထားတဲ့နေရာက ရွာထဲကို ချောင်ကျကျနေရာမှာ။ ကျနော်တို့ ထွက်ပေါက်မရှိအောင်လုပ်ထားတဲ့နေရာကို ထားတာ” လို့ ဗိုလ်လေးလုံးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့တပ်ဖွဲ့ဝင်တွေမှာ ဒဏ်ရာအများအပြားနဲ့ ထိပ်တုံးခတ်ထားတာတွေ့ရပြီး ကျေးရွာတာဝန်ရှိသူတွေနဲ့ တွေ့လိုကြောင်းပြောဆိုချိန် ရွာခံတွေနဲ့ ဒေါင်းနီတပ်ရင်းမှူးဦးဆောင်တဲ့တပ်ဖွဲ့ဝင်အကြား နှစ်ဖက်အပြန်အလှန်ရိုက်နှက်ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” တပ်ခွဲမှူးက (တပ်ရင်းမှူးကို)ဆက်ရိုက်နှက်နေမယ်ဆိုရင် လက်ပစ်ဗုံးခွဲပြီး အသက်ချင်းလဲပစ်မယ်ဆိုပြီး ဗုံးကိုင်ခြိမ်းခြောက်မှ ရပ်သွားတာ” လို့ ဗိုလ်လေးလုံးက ဆက်ပြောပါတယ်။

ရွာခံတွေက တပ်ရင်းမှူး ဗိုလ်လက်ျာကို ပစ်မှတ်ထားရိုက်နှက်ခဲ့ကြပြီး ရိုက်နှက်မှုတွေကြောင့် ညာလက်တချောင်းလုံးကျိုး ၊ ဘယ်လက်ဓားခုတ်ဒဏ်ရာ၊ ‌‌ခါးအောက်ပိုင်း အရိုးအားလုံးကြေမွ၊ ခေါင်းကွဲဒဏ်ရာတွေရခဲ့ကာ ပစ်ခတ်မှုတွေအတွင်း ရွာသား ၂ ဦးလည်း ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရွာခံတွေနဲ့ တပ်ဖွဲ့ဝင်တွေကြား အဓိကရုန်းတွေဖြစ်ပွားပြီးနောက် ဒေါင်းနီတပ်ရင်းမှူးအပါ တပ်ဖွဲ့ဝင် ၁၃ ဦး၊ သေနတ် ၁၂ လက်ကို ထန်းကြီးရွာခံတွေက ဖမ်းဆီးခဲ့ပြီး ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင် ၁ ဦးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဒေါင်းနီတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၁၀ ရက်မှာ မန္တလေး-‌ရွှေဘိုလမ်းဘေး လမ်းဆုံတနေရာမှာ ကြိုးတုပ်ထားကာ (ထန်းကြီး)ကျေးရွာပကဖက “ ဂိတ်ကြေးကောက်ပြီး ပြည်သူကို သေနတ်နဲ့ပစ်လို့ ဖမ်းထားတာ” လို့ ခရီးသွားပြည်သူတွေကို ပြောဆိုကာ ဒေါင်းနီတပ်ဖွဲ့ ဂုဏ်သိက္ခာကျအောင် ပြောဆိုခဲ့တယ်လို့ ဖမ်းဆီးခံရမှုမှာပါဝင်ခဲ့သူ ဗိုလ်လေးလုံးက ပြောပါတယ်။

တပ်ရင်း ၉၇၀၆ ဒေါင်းနီ PDF အနေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ ခဲယမ်းလိုအပ်ချက်ရှိတာကြောင့် အခွန်ကောက်ခံဖို့ မြို့နယ်ပကဖထံ ခွင့်ပြုချက်ရယူကာ အခွန်ကောက်တာ ၂ပတ်သာရှိသေးပြီးငွေကြေးကောက်ခံတာမှာလည်း စက်သုံးဆီ ၁ ပေပါကို ၁,၀၀၀ ကျပ်နှုန်းသာ ကောက်ခံနေတာဖြစ်တယ်လို့ ဗိုလ်လေးလုံးကပြောပါတယ်။

ဆန္ဒပြတဲ့သူတွေဘက်ကတော့ ထန်းကြီးရွာမှာ အခွန်ငွေကောက်ခံမှုနဲ့ပတ်သက်လို့ ဆန္ဒပြတဲ့ ရွာခံအမျိုးသား ၂ ဦးကို အခွန်ဂိတ်ထိုင်ထားတဲ့ ဒေါင်းနီတပ်ဖွဲ့က သေနတ်နဲ့ပစ်လို့ထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုထားပါတယ်။

စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဒုတပ်ရင်းမှူးနဲ့ တခြားတပ်ဖွဲ့တွေက ဖမ်းဆီးခံထားရတဲ့ ဒေါင်းနီတပ်ဖွဲ့ဝင်တွေကို ထန်းကြီးရွာပကဖနဲ့ရွာခံတွေကို ညှိုနှိုင်းခေါ်ထုတ်ခဲ့လို့ ပြန်လည်လွတ်မြောက်လာပြီး တပ်ဖွဲ့ဝင်တွေ ဆေးကုသခွင့်ရရှိခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကို တင်ပြသွားမှာဖြစ်သလို ဥပဒေအတိုင်း ဆက်လက်လုပ် ဆောင်သွားမယ်လို့ ဒေါင်းနီတပ်ဖွဲ့က ပြောပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၉၇၀၆ ဒေါင်းနီတပ်ဖွဲ့ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက် ပကဖလှုပ်ရှားတပ်ရင်းဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး နောင်ချို၊ မတ္တရာ ၊ သပိတ်ကျင်း၊ မိုးကုတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ကာ လက်ရှိမှာလည်း စစ်ဒေသတွေနဲ့တွဲဖက်ကာ သပိတ်ကျင်းအပါအဝင် ရှေ့တန်းတိုက်ခိုက်ရေးတွေမှာ ပါဝင်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဒေါင်းနီတပ်ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ခဲယမ်းတချို့ ခွဲတမ်းရခဲ့တာသာရှိခဲ့ပြီး တပ်ရင်းကုတ်နံပါတ်ရရှိခဲ့တဲ့ ဧပြီလကနေ ယခု ၄ လအကြာအထိ NUG ကာကွယ်ရေးဝန်ကြီးဌာနဆီက ရိက္ခာ၊ ငွေကြေး ထောက်ပံံ့ပေးတာမရှိသေးဘူးလို့ တပ်ရေးဗိုလ်က ပြောပါတယ်။

ဒေါင်းနီတပ်ဖွဲ့က မိမိအစီအစဥ်နဲ့လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရေး ထန်းကြီးရွာအနီးမှာ အခွန်ကောက်ဂိတ်ကို ၂ ပတ်ကြာဖွင့်လှစ်ခဲ့ပေမယ့် လက်ရှိမှာ ဆန္ဒပြခံရပြီး အဓိကရုန်းဖြစ်စဥ်တွေကြောင့် အကောက်ခွန်ဂိတ်ကို ပြန်လည်ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။