ဘုတလင်မြို့နယ်ထဲစစ်ကြောင်းထိုးပြီး နမခကို ပြန်ဆုတ်တဲ့စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရ

0 23
0 23

ဘုတလင်၊ စက်တင်ဘာ ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲ စစ်ကြောင်းထိုးပြီး မုံရွာအခြေစိုက် နမခဌာနချုပ်ဆီ ပြန်ဆုတ်ခွာတဲ့စစ်ကော်မရှင်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်မြို့နယ်တပ်ပေါင်းစုဆီက သိရပါတယ်။

ဘုတလင်မြို့နယ်ထဲ စစ်ကြောင်းပတ်ထိုးမီးရှို့ခဲ့တဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းဟာ စက်တင်ဘာ ၈ ရက် ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်ကျေးရွာကနေ နမခကို တပ်ပြန်ဆုတ်ချိန် မှန်တောဦးရွာရှိ ဥက္ကာမင်းသစ်ဆီဆိုင်အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အဲ့ဒီတိုက်ပွဲမှာတော့ အီကွေ့မန့်၊ ကျည်ကာ၊ ကျည်ဘောက်တွေ ရတာတော့ရှိတယ်။ တိုက်ပွဲက မိုးရွာထဲမှာဖြစ်နေတော့ တိုက်ပြီးပြန်ဆုတ်ခဲ့ရတာ” လို့ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှူးကို ကြွက်ကလေးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မုံရွာနမခဌာနချုပ်ကနေ ဩဂုတ် ၂၀ ရက်မှာ စတင်ထွက်ခွာလာဖြစ်ပြီး စက်တင်ဘာ ၈ ရက်အထိ ရက် ၂၀ ကျော်ကြာအတွင်း ဘုတလင်မြို့နယ်က ကျေးရွာ‌ ၁၅ ရွာထက်မနည်းကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်ရောက်နေတဲ့ ဩဂုတ်လနောက်ဆုံးပတ်နဲ့ စက်တင်ဘာပထမပတ်တွေမှာ အရှေ့ပဲပြစ်တောရွာ၊ ကံသစ်ရွာ၊ ရွှေတောင်ရွာ၊ ကံသာရွာ၊ ကုန်းသာရွာတွေအနီးမှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ယမန်နေ့ တပ်ဆုတ်ချိန်တိုက်ခိုက်မှုအပါ အဲ့ဒီစစ်ကြောင်းကို ၉ ကြိမ်အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အထက်ပါစစ်ကြောင်းမှူးက ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုတွေအတွင်း MA 1 ၁ လက်၊ MA 11 ၁ လက်၊ အီကွေ့မန့်၊ ကျည်ကာဦးထုပ်နဲ့ အခြားခဲယမ်းပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၃၀ ကျော် သေဆုံးမှုရှိခဲ့တယ်လို့ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှူးက ပြောဆိုထားပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

” နမခ က ထိုးလာတဲ့စစ်ကြောင်းက အင်အား ၂၀၀ ကျော် ၃၀၀ နီးပါးရှိတာဆိုတော့ ကျနော်တို့ဘက်က ခုခံစစ်ပါပဲ၊ ချေမှုန်းလို့တော့မရဘူး၊ ပြောက်ကျားစနစ်ကစားခဲ့တဲ့အတွက် ကျနော်တို့ဘက်က အထိအခိုက်တော့ သိပ်မရှိဘူး၊ အနည်းအကျင်းပဲရှိတယ်၊ သူတို့ဘက်ကတော့ ထိခိုက်သေဆုံးရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် ယမန်နေ့ညနေပိုင်းမှာပဲ စစ်ကော်မရှင်စစ်ကြောင်းဟာ နမခဌာနချုပ်အတွင်း ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ စစ်ကြောင်းကို ဘုတလင်မြို့နယ် တပ်ပေါင်းစုက ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး သေဆုံးမှုလည်းများခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။