◼ စစ်ရှောင် ၇,၀၀၀ နီးပါး အရေးပေါ်စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်နေ
မြေလတ်အသံ၊ စက်တင်ဘာ ၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်ဘက်က အထိနာတာကြောင့် ပါရာမော်တာအသုံးပြုကာ လေကြောင်းကနေပစ်ကူတိုက်ခိုက်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေ စက်တင်ဘာ ၃ ရက်ကစတင်ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ဟာ ယင်းမာပင်နဲ့ကနီမြို့နယ်ကို စစ်ကြောင်း ၃ ကြောင်းခွဲထိုးလာတာဖြစ်ပြီး အဲ့ဒီထဲက အင်အား ၁၅၀ စစ်ကြောင်းကို စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက မုံရွာ-ယာကြီးလမ်းပိုင်း ဒေသအခေါ် မှန်ထောင်အတက်အနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ချောင်းမမှာတပ်စွဲထားတဲ့ကောင်တွေက မုံရွာ-ယာကြီးလမ်းအတိုင်းတက်လာချိန် မှန်ထောင်အတက်အနီးမှာ ထိတွေ့မှုဖြစ်တာ။ သူတို့ဘက်က အထိနာတော့ နောက်ဆုတ်သွားပြီး ပါရာမော်တာတွေပါရောက်လာပြီး ဗုံးသီးချတော့တာပဲ” လို့ မြေပြင်အခြေအနေကိုသိရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်သား ၁ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်း ရရှိမှုအပါအဝင် ထိခိုက်သေဆုံးမှုများခဲ့ကြောင်းသိရပြီး စစ်ကော်မရှင်ဘက်က စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို ပါရာမော်တာ ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲရပ်နားခဲ့ကာ အသေးစိတ်အခြေအနေတွေကို မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်း ၃ ကြောင်းဟာ စက်တင်ဘာ ၉ ရက် ဒီကနေ့မှာ ကနီမြို့နယ်၊ ချောင်းမရွာမှာ အင်အား ၁၅၀ ခန့်၊ ယင်းမာပင်မြို့နယ် တရော်ကျင်းရွာမှာ အင်အား ၂၅၀ ခန့်၊ နဘူးတောရွာမှာ အင်အား ၁၀၀ ခန့်နဲ့ အသီးသီးရောက်ရှိတပ်စွဲနေတယ်လို့ သိရပါတယ်။
နဘူးတောကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ စက်တင်ဘာ ၅ ရက်မှာ ကနီမြို့နယ် သင့်ဝင်ရွာနဲ့ ချောင်းမအရှေ့ရွာကို မီးရှို့ခဲ့ပြီး စက်တင်ဘာ ၈ ရက်မှာ ချောင်းမအနောက်ရွာကို ဆက်လက်မီးရှို့ခဲ့တာကြောင့် သင့်ဝင်ရွာက နေအိမ် ၇ လုံးမီးလောင်ဆုံးရှုံးထားကာ တခြားရွာတွေရဲ့ဆုံးရှုံးမှုကို မသိရသေးဘူးလို့ ချောင်းမရွာခံတဦးက ပြောပါတယ်။

“ ချောင်းမမှာ ဘန်ကာတွေလုပ်နေတာ၊ သစ်ပင်တွေလှဲပြီး လမ်းတွေ အကုန်ပိတ်ထားတယ်၊ အိမ်တွေမွှေပြီး ဝက်တွေသတ်စားနေတယ်ကြားတယ်၊ အင်အားတွေ နမခက ထပ်တိုးပြီး အနီးနားကရွာတွေကို ပတ်မွှေနေတယ်” လို့ သူကပြောပါတယ်။
စစ်ကြောင်းတွေကြောင့် ယင်းမာပင်နဲ့ကနီမြို့နယ် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံ ၇,၀၀၀ နီးပါးဟာ စက်တင်ဘာ ၃ ရက်ကစတင်ကာ ထွက်ပြေးနေရပြီး စစ်တပ်က စစ်ရှောင်တွေခိုလှုံတဲ့နေရာတွေကိုပါ လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်နေတာကြောင့် အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
” အဆင်ကတော့မပြေကြဘူး၊ လမ်းဘေးသစ်ပင်အောက်တွေမှာ နေနေကြတာ၊ စားနပ်ရိက္ခာလည်းမပါတော့ခက်ခဲကြတယ်၊ ဖျားနာနေကြသူတွေလည်း ရှိတယ် ၊ လုံခြုံမှုတော့ မရှိဘူး “
စာတည်း – ဟိန်းစံ