ရွေးကောက်ပွဲကို တရုတ်သမ္မတက အသိအမှတ်ပြုမယ့်အတည်ပြုချက် ရခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

0 18
0 18

မြေလတ်အသံ၊ စက်တင်ဘာ ၂၊ ၂၀၂၅။

လာမယ့်ဒီဇင်ဘာလမှာ စတင်ပြုလုပ်မယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံကနေ အသိ အမှတ်ပြုမယ့်အတည်ပြုချက် တရုတ်သမ္မတထံကရရှိခဲ့တယ်လို့ စစ်ကော်မရှင်ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးပြီးတဲ့နောက် အခုလိုအတည်ပြုချက်ရရှိခဲ့တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကော်မရှင်ကို ထောက်ခံရေးသားနေတဲ့ မီဒီယာတွေကို အခုလို ပြောဆိုခဲ့တာပါ။

“ မြန်မာနိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိ အမှတ်ပြုမှုပြီးရင် အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကူညီနိုင်မှု ဒါတွေကို သူက အတည်ပြုပေးလိုက်တာရှိတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် တရုတ်သမ္မတနဲ့ဆွေးနွေးမှုမှာ နိုင်ငံရေးအရရော နိုင်ငံတကာရေးအရပါ အသိအမှတ်ပြုမှုတွေ ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့ တရုတ်သမ္မတတို့ ဩဂုတ် ၃၀ ရက်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ စစ်ခေါင်းဆောင်နဲ့ အဖွဲ့က ယမန်နေ့ စက်တင်ဘာ ၁ ရက်မှာ တီယန်ကျင်းမြို့ကနေ ဘေဂျင်းမြို့ကို ဆက်လက်ထွက်ခွာလာကြောင်း စစ်ကော်မရှင်ထိန်းချုပ်မီဒီယာတွေကလည်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ကျင်းပမှာဖြစ်ကြောင်းထုတ်ပြန်ထားပြီး အပိုင်း ၁ အနေနဲ့ နိုင်ငံအနှံ့မြို့နယ် ၁၀၂ ခုကို လာမယ့်ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ်လို့ ဆိုထားကာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမစတင်မီ စစ်ခေါင်းဆောင်က တရုတ်နိုင်ငံကို သွားရောက်တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။