ကနီ၊ ဩဂုတ် ၃၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာကို စစ်တပ်က MiG 29 တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဩဂုတ် ၃၁ ရက် ဒီနေ့လယ် ၂နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးသီး ၂ လုံးကြဲချခဲ့ချိန် အသက် ၆၀ အရွယ် ဒေါ်ကြည်စိန်နဲ့ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ထိခိုက်တာက ၂ ယောက် ဆိုပေမယ့် ၁ ယောက်ကတော့ အသက်ပေးလိုက်ရတာ၊ ဒီပုန်းကျင်းထဲ အသက်ကုန်သွားတာ၊ ငါ့လက်ပေါ်ကနေပြီးတော့ အသက်ကုန်သွားတာ။”လို့ သေဆုံးသူနဲ့ အတူပုန်းခိုခဲ့ရသူ အမျိုးသမီးက ပြောပါတယ်။
အဆိုပါ ပစ်ခက်တိုက်ခိုက်မှုကြောင့် သမင်ခြံရွာရှိ ပြည်သူပိုင်နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ပြီး နွား ၁ ကောင် ဒဏ်ရာရကာ သိုလှောင်ထားတဲ့ တောင်သူထွက်ကုန်ပစ္စည်းအချို့ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနီမြို့နယ်၊ သမင်ခြံကျေးရွာက ပြည်သူအချို့ကတော့ ကြောက်လန့်ပြီး အခြားဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဦးခေါင်းထိမှန်ဒဏ်ရာရခဲ့တဲ့ အသက် ၇၀ အရွယ်အမျိုးသမီးကတော့ လက်ရှိမှာ ဆေးရုံကို ပို့ဆောင်ထားရပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သမင်ခြံရွာခံတွေဆီက သိရပါတယ်။
“ထိခိုက်တာ ၁ ယောက်တည်း၊ အဘွားကြီး၊ ခေါင်းထိတာတဲ့၊ နောက်ထိတာ ဆေးခန်းမယ်တဲ့၊ သက်သာတယ်လို့တော့ ပြောသံကြားတယ်။”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဩဂုတ် ၃၀ အထိ စစ်ကော်မရှင်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၇,၁၅၉ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ကထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP