ကနီမှာ ဗုံးကြဲလို့ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံး

0 34
0 34

ကနီ၊ ဩဂုတ် ၃၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာကို စစ်တပ်က MiG 29 တိုက်ခိုက်ရေး လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၃၁ ရက် ဒီနေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးသီး ၂ လုံးကြဲချခဲ့ချိန် အသက် ၆၀ အရွယ် ဒေါ်ကြည်စိန်သေဆုံးပြီး အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်တာက ၂ ယောက် ဆိုပေမယ့် ၁ ယောက်ကတော့ အသက်ပေးလိုက်ရတာ၊ ဒီဗုံးကျင်းထဲ အသက်ကုန်သွားတာ၊ ငါ့လက်ပေါ်ကနေပြီးတော့ အသက်ကုန်သွားတာ။”လို့ သေဆုံးသူနဲ့ အတူပုန်းခိုခဲ့ရသူ အမျိုးသမီးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သမင်ခြံရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ပြီး နွား ၁ ကောင် ဒဏ်ရာရကာ သိုလှောင်ထားတဲ့ တောင်သူထွက်ကုန်ပစ္စည်းအချို့ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနီမြို့နယ်၊ သမင်ခြံကျေးရွာက ပြည်သူအချို့ကတော့ ကြောက်လန့်ပြီး အခြားဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဦးခေါင်းထိမှန်ဒဏ်ရာရခဲ့တဲ့ အသက် ၇၀ အရွယ်အမျိုးသမီးကတော့ လက်ရှိမှာ ဆေးရုံကို ပို့ဆောင်ထားရပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သမင်ခြံရွာခံတွေဆီက သိရပါတယ်။

“ထိခိုက်တာ ၁ ယောက်တည်း၊ အဘွားကြီး၊ ခေါင်းထိတာတဲ့၊ နောက်ထိတာ ဆေးခန်းမယ်တဲ့၊ သက်သာတယ်လို့တော့ ပြောသံကြားတယ်။”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဩဂုတ် ၃၀ အထိ စစ်ကော်မရှင်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၇,၁၅၉ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း – AAPP ကထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။