နမခ က ဘုတလင်ကို လက်နက်ကြီးနဲ့ ထပ်ပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံး

0 28
0 28

မုံရွာ၊ သြဂုတ် ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အရှေ့တောင်ခြမ်းရှိ ထူးကြီးရွာက အမျိုးသမီး ၁ ဦး စစ်ကော်မရှင်တပ်ကပစ်တဲ့လက်နက်ကြီး ထိမှန်သေဆုံးပြီး နေအိမ်အဆောက်အဦတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၃၀ ရက် ဒီမနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးထိမှန်ပြီး ထူးကြီးရွာဒေသခံ အသက် ၃၀ အရွယ် မသီတာအေး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“လက်နက်ကြီးထုတဲ့အခြေနေက မလုပ်တာ၂ လလောက်ရှိပြီ။ ဒီနေ့ပြန်ထုတာ၊ ဘုတလင်က ဒီတပတ်အတွင်း လေကြောင်းရော၊ လက်နက်ကြီးနဲ့ရော၊ မြေပြင်စစ်ကြောင်းရော ဆက်တိုက် ထိုးနေတယ်”လို့ ဘုတလင်မြို့နယ်တွင်း စစ်ရှောင်ကူကယ်လုပ်နေတဲ့ အမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

ထူးကြီးကျေးရွာမှာ အိမ်ခြေ ၁၆၀ ကျော်၊ လူဦးရေ ၆၀၀ ကျော်ရှိပြီး ဒီပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်ပထမပတ်ကစတင်ကာ စစ်ကော်မရှင်တပ်ဟာ နမခ နဲ့ ဘုတလင်မြို့တွင်းတပ်စွဲနေတဲ့ စစ်ကြောင်းတွေပေါင်းပြီး ဘုတလင်မြို့နယ်အတွင်းကကျေးရွာတွေကို အင်အားဖြန့်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး၊ ပါရာမော်တာတွေနဲ့လည်း မကြာခဏပစ်ခတ်တာတွေ ရှိခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သြဂုတ် ၂၆ ရက်တရက်တည်းမှာပဲ စစ်ကော်မရှင်တပ်က ဘုတလင်မြို့နယ်၊ တောင်ကလပ်ဘုန်းကြီးကျောင်းအနီး ပါရာမော်တာနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၂၀ အရွယ် စစ်ရှောင်အမျိုသမီး သေဆုံးတဲ့အပြင် သခွတ္တနယ်ရွာကိုလည်း တိုက်လေယာဥ် ၂ စီးနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် အသက် ၁၈ နဲ့ ၂၂ နှစ်အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ ဘုတလင်မြို့ထဲမှာ ပြန်လည်တပ်စွဲထားပြီး စစ်ကြောင်းထိုးတာကိုရက်နားထားပေမယ့် မုံရွာ နမခ ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။