ဝက်လက်နယ်၊ စိုင်နိုင်ကြီးရွာက ဒေသခံ ၁၀ ဦးကျော်ကို စစ်တပ်ကဖမ်းဆီးသွား

0 4
0 4

ဝက်လက်၊ မတ် ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက မတ်လ ၂၅ ရက် ဒီမနက် ၉ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာသာကြီးရွာကနေတဆင့် စိုင်နိုင်ကြီးရွာထဲကိုဝင်ရောက်လာပြီး ဒေသခံတွေကိုဖမ်းဆီးသွားတာလို့ ရွှေဘိုမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“ရွာထဲကိုဝင်လာတဲ့အချိန် လက်နက်ငယ်တွေရော၊ လက်နက်ကြီးတွေရော ပစ်ခတ်ခဲ့တယ်။ ရွာသားတွေကိုလည်း ဘာကြောင့်ဖမ်းခေါ်သွားတာလဲတော့ မသိပါဘူး၊ လူဦးရေအတိအကျတော့ မပြောနိုင်ပေမဲ့ ၁၀ ဦးထက်မနည်း အဖမ်းခံရတာပါ။ အခုချိန်ထိရွာသားတွေလည်း ရွာထဲကို ပြန်ဝင်မရဲသေးဘူး” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူအရေအတွက်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

အဲ့ဒီစစ်ကြောင်းဟာ လက်ရှိ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာအနီးမှာ ရောက်ရှိနေတာကြောင့် ရွှေဘို − မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြတဲ့ ပြည်သူတွေအနေနဲ့ မြေပြင်စစ်ရေးသတင်း နားစွင့်ပြီး အထူးသတိပြု သွားလာကြဖို့နဲ့ ဖြစ်နိုင်မည်ဆိုလျှင် အရေးပေါ် ကျန်းမာရေးကိစ္စကလွဲပြီး လုံးဝဖြတ်သန်းသွားလာ အသုံးမပြုဖို့ ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

မတ်လ ၃ ရက်ကလည်း စိုင်နိုင်ကြီးရွာဟာ အိမ်ခြေ ၇၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားတာကြောင့် စပါးတင်း ၇ ထောင်ကျော် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။