26 July 2026 11:50 PM

ခလရ ၁ တပ်က တပ်သား ၃ ဦး သေနတ်တွေယူထွက်ပြေးလို့ ပစ်မိန့်ပေးဖမ်းခိုင်း

0 7
0 7

မင်းလှ၊ မတ် ၂၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ တပ်က အချုပ်သား ၁ ဦးနဲ့ စစ်ကောင်စီတပ်သား ၂ ဦး မတ်လ ၂၃ ရက် ဒီနေ့မနက် ၃ နာရီလောက်မှာ လက်နက်တွေယူပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားသူတွေဟာ ခလရ ၁ ဗဟိုကင်းတပ်တွင်းအချုပ်မှာ ဖမ်းခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချုပ်သား ၁ ဦးနဲ့ တပ်ဗဟိုကင်းအချုပ်စောင့် တပ်သား ၂ ဦးဖြစ်ပြီး သေနတ် ၃ လက်ယူပြီး ထွက်ပြေးနေတာလို့ တပ်တွင်းသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

“အချုပ်စောင့်တဲ့ဗဟိုကင်း ကင်းသမား ၂ ယောက်ရယ်၊ အချုပ်သားတယောက်ရယ် မနက် ၃ နာရီလောက်ကြီး ထွက်ပြေးသွားတာ။ ခလရ ၁ က တောအစပ်မှာဆိုတော့ပြေးလို့လွယ်တယ်။ သေနတ်တလက်စီ ပါသွားတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ သေနတ်တွေယူဆောင်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ခလရ ၁ နောက်တန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောနင်းရှာဖွေနေပြီး တွေ့တဲ့နေရာ ပစ်သတ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

“သူတို့သေနတ်တွေကို နိုင်သလောက်သယ်ဖို့လုပ်နေတာလို့ သိရတယ်။ လက်နက်တိုက်ဖောက်နေတာကို ဟိုတလောက မုဒိန်းမှုနဲ့အချုပ်ကျနေတဲ့ ထွန်းနိုင်ကတွေ့လို့ အော်လိုက်လို့တယောက်တလက်စီပဲ ပါသွားတာ။ ခုတပ်ထဲမှာလည်း ဆူညံပွက်လောရိုက်နေတာ။ သူတို့ကို စစ်ကြောင်းထိုး တောနင်းရှာနေတယ်။ ပစ်မိန့်လည်း ပေးထားတယ်။ လူတွေအရှင်မမိရင်နေ သေနတ်တွေပြန်ရအောင် ရှာရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်” လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို ချုပ်နှောင်ထားတဲ့ တပ်တွင်းအချုပ် ဗဟိုကင်းဟာ တပ်ရင်းတခုလုံးရဲ့ လက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်းထားရှိတဲ့ လက်နက်တိုက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ထွက်ပြေးသွားသူတွေကို အောက်ခြေမှာ တောနင်းရှာဖွေနေဆဲဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားမှုကို ခလရ ၁ နောက်တန်းအရာရှိတွေက တပ်မ ၆၆ နဲ့ ဒကစ(ပြည်)ဌာနချုပ်တွေကို တင်ပြတာမျိုးမရှိသေးဘဲ ကြိတ်ပြီးရှာဖွေနေတယ်လို့ ဆိုပါတယ်။

မင်းလှအခြေစိုက် ခလရ ၁ တပ်ဟာ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း စစ်ဆင်ရေးဝင်ရောက်နေတဲ့တပ်ဖြစ်ကာ၊ ရှေ့တန်းစစ်ဆင်ရေးမှာလည်း ထိခိုက်ကျဆုံး များနေသလို နောက်တန်းမှာလည်း အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် အမှုအခင်းတွေ ဆက်တိုက်ဖြစ်ပွားနေကာ အခုမတ်လအတွင်းမှာပဲ ခလရ ၁ က စစ်ကောင်စီတပ်သား ထွန်းနိုင်ဟာ စိန်ကန့်လန့်ရွာနေ အငြိမ်းစားဗိုလ်ကြီး မျိုးမြင့်ရဲ့သမီးဖြစ်သူ စိတ်ဝေဒနာသည်ကို အကြိမ်ကြိမ်အဓ္ဓမပြုကျင့်မှု ဖြစ်ပွားခဲ့သေးတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။